ရှေ့သို့
Image

အခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခန့်မှန်းလိုက်တဲ့ လီဗာပူးကြယ်ပွင့် အာနိုးလ်

6:48 PM, 6 May

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ ပရီးမီးလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်နဲ့ ယှဉ်ပြိုင်နေရတဲ့ မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ ရမှတ်တွေလျှော့ကျခဲ့မယ်ဆိုရင် သူ့အနေနဲ့ အံ့အားသင့်မိလိမ့်မယ်လို့ လီဗာပူးကြယ်ပွင့်အာနိုးလ်က ပြောလိုက်ပါတယ်။

၂၀၁၈ ခုနှစ်နောက်ပိုင်း ပဉ္စမမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ မန်စီးတီးက လိဂ်ကိုးပွဲဆက်အနိုင်ကစားပြီး ကာလရှည်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို ကျော်တက်သွားခဲ့ပါတယ်။ လက်ရှိမှာ ပက်ဂွါဒီယိုလာရဲ့အသင်းက အာဆင်နယ်ထက် တစ်ပွဲလျော့ကစား၊ တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေသလို ကြီးမားလှတဲ့ဂိုးကွာခြားချက်အားသာမှုလည်း ရရှိထားပါတယ်။

အာနိုးလ်ကတော့ မန်စီးတီးဟာ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ထားပြီး အခုဘောလုံးရာသီမှာ တကယ်ကောင်းမွန်လှတဲ့အသင်းကြီးတစ်ခုနဲ့ ရေကုန်ရေခမ်းယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်အပေါ် စာနာမိတယ်လို့ ထုတ်ပြောလာပါတယ်။ အာဆင်နယ်အနေနဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ဧပြီလအတွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာခြေချော်ခြင်းနဲ့အတူ ဂန်းနားတို့ရဲ့ အမှတ်ပေးချန်ပီယံအိပ်မက် ဝေဝါးသွားခဲ့ပါတယ်။

အာနိုးလ်က "အခုအချိန်မှာတော့ ချန်ပီယံပြေးလမ်းက သိသာထင်ရှားလာပါပြီ။ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ခရစ္စမတ်လို၊ နယူးရီးယားလိုကာလမျိုးမှာ မန်စီးတီးက ကိုယ့်ရဲ့နောက်မှာ ကပ်လိုက်လာပြီဆိုရင် တကယ့်ကို မလွယ်တော့ပါဘူး။ သူတို့က တစ်ပွဲလောက်အနိုင်ရလိုက်ပြီဆိုရင် ရပ်တန့်လို့ မရတော့ပါဘူး။ အခုလည်း အဲ့ဒီအနေအထားဆီ ရောက်နေပါပြီ။ မန်စီးတီးတို့ တစ်ပွဲလောက်သရေကျမယ်ဆိုရင်တောင်မှ ကျွန်တော် အံ့ဩမိပါလိမ့်မယ်။ မန်စီးတီးရဲ့စိတ်ဓါတ်ပိုင်းကိုက အဲ့ဒီလိုဖြစ်နေတယ်လို့ ကျွန်တော်ထင်တာပဲ။ ကျွန်တော့်အမြင်အရ မန်စီးတီးက အမှတ်တွေလျှော့ကျခံမှာမဟုတ်ဘူးလို့ ပြိုင်ဘက်တွေဆီ သတင်းစကားပါးလိုက်တာပဲလို့ ယူဆမိပါတယ်။ သူတို့တွေက ကစားရတဲ့ပွဲစဉ်တွေမှာ အတက်အကျတွေ၊ အရှုပ်အထွေးတွေ၊ ကြောက်လန့်မှုတွေ မရှိတော့ပါဘူး။ အာဆင်နယ်က ရမှတ်တွေလျှော့ခဲ့တာကြောင့် တကယ့်ကို စိတ်လှုပ်ရှားစရာပုံစံဖြစ်ခဲ့ပါတယ်။ မန်စီးတီးအတွက်ဆိုရင်တော့ ကျွန်တော် ဘယ်လိုပြောရမလဲတောင် မသိပါဘူး။ သူတို့က တကယ့်ကို စက်ယန္တရားကြီးတစ်ခုလိုပါပဲ"လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီးက ဒီနေ့ညပိုင်းမှာ လိဒ်နဲ့ရင်ဆိုင်ကစားရဖို့ ရှိသလို အာဆင်နယ်ကတော့ မနက်ဖြန်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားရမှာပါ။ လီဗာပူးကတော့ အမှတ်ပေးချန်ပီယံပြေးလမ်းပေါ်မှာ ရှိမနေတော့ဘဲ လာမယ့်ရာသီ ဥရောပပြိုင်ပွဲဝင်ရောက်ခွင့်ရရှိဖို့ အကြိတ်အနယ်ကြိုးစားနေရပါတယ်။

#လီဗာပူး #အာနိုးလ် #ပရီးမီးယားလိဂ်