ရှေ့သို့
Image

ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ထက် ပိုကြီးကျယ်ခမ်းနားတဲ့ ကလပ်ဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေကြားခဲ့တဲ့ ဆာဘစ်ဇာ

10:49 AM, 5 May

တန်ဟက်ရဲ့အသင်းသို့ ၆ လ အငှားဖြင့် ဘိုင်ယန်မြူးနစ်ကနေ ရောက်ရှိလာတဲ့ အသက် ၂၉ နှစ်အရွယ် ဆာဘစ်ဇာဟာ အဲရစ်ဆင်ဒဏ်ရာ ရရှိခဲ့ပြီးနောက် အသင်းရဲ့ကွင်းလယ်မှာ အင်အားတောင့်တင်းစေဖို့ ယူနိုက်တက်ရဲ့ ခေါ်ယူခြင်းကိုခံခဲ့ရတာပါ။

ဝင်ရောက်ကစားခဲ့ရတဲ့အချိန်မှာတော့ ဩစတြေးလျနိုင်ငံသားဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ပွဲစဉ် အဖြစ် ဆီဗီလာနှင့်ပွဲမှာ သွင်းယူခဲ့ခြင်းအပါအဝင် သူဟာ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၃ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ သို့သော်လည်း အမြဲတမ်းစာချုပ် ချုပ်ဆိုနိုင်ဖို့ အကောင်းဆုံးရော လုပ်နိုင်ထားပါသလား။ အသင်းသို့ ရောက်ကတည်းက အိုးထရက်ဖို့ဒ်တွင် ခြေစွမ်းပြသနိုင်မှုအပေါ် ဧပြီလတုန်းက တန်ဟက်ဟာ ဆာဘစ်ဇာကို ချီးကျူးထားတာပါ။

"ဆာဘစ်ဇာက အကောင်းဆုံးလုပ်ထားတာပါ။ သူက ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းအသားကျနေပါပြီ။ အဝတ်လဲခန်းနဲ့လည်း ကောင်းကောင်းသင့်လျော်တဲ့ ကစားသမားပါ။ သူဟာ ဉာဏ်ကောင်းပြီး လက်ရှိအချိန်မှာ သူလိုကစားသမားမျိုးကို ပိုင်ဆိုင်ထားရတဲ့အပေါ် ပျော်ရွှင်မိပါတယ်" လို့ တန်ဟက်က ပြောခဲ့ပါတယ်။

ဆာဘစ်ဇာကတော့ ယူနိုက်တက်နဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုချင်တဲ့ပုံပေါက်နေပြီး ဘိုင်ယန်မြူးနစ်အပါအဝင် သူ့ရဲ့အသင်းဟောင်းတွေထက် ယူနိုက်တက်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကလပ်ဖြစ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

Sky က ဂျာနယ်လစ် ပလက်တန်ဘက် သို့ ဆာဘစ်ဇာက "ကျွန်တော့်ကစားသမားဘဝ ဘိုင်ယန်မြူးနစ်အပါအဝင် အသင်းတော်တော်များများမှာ ကစားဖူးပါတယ်။ ဒီက အရာအားလုံးက ကြီးမားပါတယ်" "လူတွေက ယူနိုက်တက်နဲ့ ပတ်သက်ပြီး သဘောကျကြပါတယ်။ ဒါကို အိုးထရက်ဖို့ဒ်မှာ ခံစားနိုင်ပါတယ်။ ကျွန်တော်ပြောနိုင်တာက ဒီမှာရှိရတာပျော်ရွင်မိပြီး ဒီကလပ်အတွက် ကစားပေးရတာကို ဂုဏ်ယူမိပါတယ်" လို့ ပြောပါတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မိခင်ကလပ်ဖြစ်တဲ့ ဘိုင်ယန်နဲ့ အဆက်အသွယ်မရှိသေးတဲ့ ဆာဘစ်ဇာဟာ မန်ချက်စတာတွင် အတန်အသင့် ကောင်းစွာ ကစားနိုင်ခဲ့ပြီးနောက် ယူနိုက်တက်မှာ ကျွန်တော့်ရဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ ပြောကြားထားပါတယ်။

"အခြေအနေတွေကို နွေရာသီမှာ စဉ်းစားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်ပြောနိုင်တာကတော့ ဒီမှာနေရာတစ်ခုရနေပြီဆိုတာကိုပါ။ အခု ပရီးမီးယားလိဂ်အကြောင်းကို သိထားပြီး ဒီ့ထက်ပိုကောင်းတာမရှိဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်" "ပွဲတိုင်းက လျင်မြန်ပြီး အသေအကြေကစားရတာပါ။ ကမ္ဘာအပေါ်က အကောင်းဆုံးလိဂ်တစ်ခုပါ။ ဒီမှာ တစ်ခါလောက် ကစားဖူးပြီဆိုရင် ကောင်းကောင်းကြီးသိသွားမှာပါ" လို့ ဂျာမန်သတင်းစာဖြစ်တဲ့ Bild သို့ ပြောပါတယ်။

ယူနိုက်တက်သို့ အပြီးသတ်ပြောင်းချင်လားလို့ မေးရာတွင် "ပြောင်းချင်တာပေါ့။ ယူနိုက်တက်အကြောင်းတွေးလိုက်ရင် အထူးသဖြင့် ရှေ့သို့ဆက်နေတာတွေချည်းပါပဲ။ တန်ဟက်ထံကနေ ယုံကြည်မှုလည်ရထားပါတယ်" "ကျွန်တော် တစ်ဦးတည်း ဆုံးဖြတ်လို့တော့ မရပါဘူး။ ကျွန်တော်က ဇူလိုင် ၁ ရက်နေ့မှာ ဘိုင်ယန်သို့ပြန်ရောက်မှာပါ။ တူချယ်နဲ့လည်း စကားပြောရဦးမှာပါ။ ဆုံးဖြတ်ချက်ကိုတော့ မြန်မြန်ချသွားမှာမဟုတ်ပါဘူး" လို့ ဆာဘစ်ဇာက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ