ရှေ့သို့
Image

ဖာဒီနန်နှင့်အတူ ၂၀၂၃ ခုနှစ်အတွက် ပရီးမီးယားလိဂ် Hall of Fame မှာ ပါဝင်လာတဲ့ ပီတာချက်

4:09 PM, 4 May

ချဲလ်ဆီးနှင့် အာဆင်နယ်တို့တွင် ကစားခဲ့တဲ့ ဂိုးသမားဟောင်း ပီတာချက်ဟာ ဆန်ကာတစ် ၁၅ ဦး စားရင်ထဲမှ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

ပီတာချက်ဟာ Premier League Hall of Fame မှာပါဝင်လာတဲ့ ၁၈ ဦးမြောက် ကစားသမားဖြစ်လာခဲ့ပြီး ဖာဒီနန်နှင့်အတူ ယခုနှစ်မှာ ပထမဆုံး ပါဝင်လာတဲ့ ကစားသမားတွေဖြစ်လာခဲ့ပါတယ်။ သူဟာ ဖာဂူဆန်၊ အာဆင်ဝင်းဂါး၊ ဖာဒီနန်တို့နှင့်အတူ Class of 2023 မှာ ပါဝင်ခဲ့ပြီး ဖာဂူဆန်နဲ့ ဝင်းဂါးတို့နှစ်ဦးဟာ ပထမဆုံးရွေးချယ်ခြင်းခံခဲ့ရတဲ့ နည်းပြတွေဖြစ်လာခဲ့ပါတယ်။

ချက်ဟာ ပရီးမီးယားလိဂ်သမိုင်းကြောင်းမှာ ကြီးကျယ်ခမ်းနားဆုံး ဂိုးသမားတွေထဲက တစ်ဦးဖြစ်ပြီး ၄၄၃ ပွဲကစားပြီး Clean Sheet ၂၀၂ ဖြင့် စံချိန်တင်ထားသူဖြစ်ပါတယ်။ ချက်စ်လက်ရွေးစင်ဂိုးသမားဟောင်းဖြစ်တဲ့ ပီတာချက်ဟာ ရှမိုက်ကယ်ပြီးနောက် Premier League Hall of Fame မှာ ပါလာတဲ့ ဒုတိယမြောက် ဂိုးသမားဖြစ်ပါတယ်။

ချက်ကို ဆလိုဗားကီးယားမှာ ကြီးပြင်းလာတဲ့ ပီတာချက်ဟာ ၂၀၀၄ ခုနှစ်မှာ ရီးနက်စ်ကနေ ချဲလ်ဆီးသို့ ပြောင်းလာခဲ့ပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ်မှာ မြန်မြန်ဆန်ဆန်ဘဲ ပရိသတ်သဘောကျလာတဲ့ သူဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးရာသီမှာ ၁၅ ဂိုးသာ ပေးခဲ့ရပြီး Clean Sheet ၂၄ ကြိမ် ရရှိခဲ့ကာ ချဲလ်ဆီးကလည်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဆုဖလားကို ရရှိခဲ့ပါတယ်။ အဆိုပါဖလားဟာ ချဲလ်ဆီးနဲ့အတူ ရရှိခဲ့တဲ့ ဆုဖလား ၄လုံးထဲက ပထမဆုံး ၁ လုံးဖြစ်ပြီး ချက်ဟာ Clean Sheet အကြိမ် ၅၀ နှင့် အကြိမ် ၁၀၀ အမြန်ဆုံးပြည့်ခဲ့တဲ့ ဂိုးသမားဖြစ်လာခဲ့သလို ရွှေလက်အိတ်ဆု ၄ ကြိမ်ပါ ရရှိခဲ့ပါတယ်။

Shot Stopper တစ်ဦးအဖြစ် နာမည်ကြီးသော်လည်း ခံစစ်ကိုလည်း ညွှန်ကြားပေးနိုင်သူ တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ချက်ဟာ ဘာသာစကား ၈ မျိုးအထိ ပြောဆိုနိုင်သူဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ရီးဒင်းနှင့်ပွဲမှာ ဦးခေါင်းခွံကွဲအက်တဲ့ ဒဏ်ရာ ရရှိခဲ့ပြီး အသက် သေဆုံးနိုင်ချေရှိတဲ့ အန္တရာယ်ကနေ လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအတွက် ၃၃၃ ပွဲကစားခဲ့ပြီးနောက် ၂၀၁၄-၁၅ ရာသီတွင် ပွဲထွက်ခွင့်နေရာ အတွက် ကော်တွိုက်ထံ ပေးလိုက်ရပြီး ရာသီကုန်မှာ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ၂၀၁၉ခုနှစ်တွင် အနားမယူခင် အာဆင်နယ်အတွက် ပွဲပေါင်း ၁၁၀ ကစားခဲ့ပြီး ချဲလ်ဆီးထံသို့ နည်းစနစ်နဲ့ စွမ်းဆောင်မှုဆိုင်ရာ အကြံပေးအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ အဆိုပါရာထူးကို ပြီးခဲ့တဲ့နှစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Premier League Hall of Fame မှာ ပါဝင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ချက်က "ကျွန်တော် ငယ်ငယ်က ချက်ကိုဆလိုဗားကီးယားမှာ ကြီးပြင်းခဲ့တဲ့အချိန် ပရီးမီးယားလိဂ်မှာ ကစားရတာက စိတ်ကူးမယဉ်နိုင်ခဲ့တဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်" လို့ ပြောပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ပီတာချက် #ပရီးမီးယားလိဂ်