ရှေ့သို့
Image

မက်ဒီဆင်ရဲ့ ပယ်နယ်တီကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ပုံကို ထုတ်ပြောလာတဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်

10:07 AM, 2 May

ဒီနေ့မနက်ပိုင်း၊ လက်စတာနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား မက်ဒီဆင်ရဲ့ ပယ်နယ်တီ ကန်သွင်းမှုကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ပုံကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က ထုတ်ပြောလာပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်း နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ မက်ဒီဆင်က ပယ်နယ်တီ ကန်သွင်းဖို့ အခွင့်အရေးတစ်ခု ရရှိခဲ့သော်လည်း ဒီအခွင့်အရေးကို ပစ်ဖို့ဒ်က သက်သောင့်သက်သာပဲ ကာကွယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ ဓါတ်ပုံမှတ်တမ်းတွေအရ ပစ်ဖို့ဒ်ရဲ့ရေသန့်ဗူးမှာ ‘မက်ဒီဆင်-အလယ်မှာပဲရပ်-၆၀ ရာခိုင်နှုန်း’လို့ ရေးသားထားတာကို တွေ့မြင်ခဲ့ရပါတယ်။

အင်္ဂလန်ဂိုးသမားရဲ့ အခုလိုကာကွယ်နိုင်ခဲ့မှုကြောင့် အဲဗာတန်ဟာ ပထမပိုင်း ပွဲချိန်အပြီး ၃-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်မယ့် အခြေအနေတစ်ခုကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ပစ်ဖို့ဒ်က “အိမ်စာလုပ်ခဲ့တာပါ။ ပွဲမတိုင်ခင် ဒီနေ့မနက်ခင်းမှာပဲ ကျွန်တော် ဒီအချက်အလက်တွေကို မှတ်သားခဲ့ပါတယ်။ ဒါပေမယ့် မက်ဒီဆင်ကလည်း ကစားသမားကောင်းတစ်ဦးပါ။ သူက ကျွန်တော့်ကို လှုပ်ရှားမှုလုပ်ဖို့ မျှော်လင့်ခဲ့ပါတယ်။ မက်ဒီဆင်က အခွင့်အရေးကောင်းတစ်ခုကို ရရှိခဲ့တာပါ။ သူက ကျွန်တော့်ကို ဒိုက်ဗင်ပစ်ဘောလုံးဖမ်းယူဖို့ မျှော်လင့်ထားခဲ့တယ်။ ကျွန်တော် သူ့ကို နှစ်ခါလောက်မျက်စိနောက်အောင် လုပ်လိုက်မိတယ် ထင်ပါတယ်။
ကြီးမားတဲ့အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော်ကာကွယ်နိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်။ ဂိုးပေါက်ကာကွယ်ဖို့၊ အသင်းကို ကူညီဖို့နဲ့ ကြိုးစားကစားဖို့ဆိုတာက ကျွန်တော့်ရဲ့ တာဝန်ပဲဖြစ်လို့ ဒီလိုပယ်နယ်တီ ကာကွယ်နိုင်ခဲ့မှုအပေါ် ပျော်ရွှင်ရပါတယ်။ အခုလိုခက်ခဲနေတဲ့အခြေအနေတွေဆီမှ ရုန်းထွက်နိုင်ဖို့ အကောင်းဆုံး ပုံစံရရှိအောင် ကျွန်တော်ကြိုးစားနေပါတယ်”လို့ ဖွင့်ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာနဲ့ လိဂ်သက်တော်ရှည်ကလပ် အဲဗာတန်တို့ဟာ အခုဘောလုံးမှာ တန်းမဆင်းရဖို့ ရုန်းကန်နေရပါတယ်။ အခုသီတင်းပတ်ကုန်မှာ လက်စတာက လန်ဒန်မြေမှာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ကစားရဖို့ ရှိသလို အဲဗာတန်ကလည်း အဝေးကွင်းမှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

#အဲဗာတန် #လက်စတာ #ပစ်ဖို့ဒ် #မက်ဒီဆင် #ပရီးမီးယားလိဂ်