ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲမှာ အူဘာမီယန်း ပါဝင်လာနိုင်တယ်လို့ လမ်းပတ် အရိပ်အမြွက်ဆို

10:04 AM, 2 May

ချဲလ်ဆီးယာယီနည်းပြ လမ်းပတ်က အူဘာမီယန်းတစ်ယောက် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာ အင်္ဂါနေ့ညမှာ အာဆင်နယ်အသင်းရဲ့အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အူဘာမီယန်းဟာ နိုဝင်ဘာလက အာဆင်နယ်နဲ့ ကစားပြီးကတည်းက ချဲလ်ဆီးအတွက် ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် အမ်းမရိတ်မှာ ကစားမယ့်ပွဲမှာတော့ ချဲလ်ဆီးအသင်း လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

အသက် ၃၃ နှစ်သားနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ လမ်းပတ်က “ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ အူဘာပါလာနိုင်ပါတယ်။ ဟာဗက်ဇ်လည်း ပါလာနိုင်သလို ဖိုဖာနာလည်း ပါလာနိုင်ပါတယ်။ ဒါပေမယ့် သူကြံ့ခိုင်မှုပြည့်လား မပြည့်ဘူးလားဆိုတာ မသိသေးပါဘူး”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အတွက် ၁၆၃ ပွဲမှာ ၉၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လမ်းပတ်က အူဘာမီယန်းတစ်ယောက် အသင်းဟောင်းထံပြန်သွားရမယ့်အပေါ် “မမှန်ပါဘူး။ ဘာလို့လဲဆိုတော့ အချို့အချိန်တွေမှာ ကစားသမားတစ်ဦးက အသင်းဟောင်းဆီ ပြန်သွားရရင် စိတ်အားထက်သန်မှုရနိုင်ပါတယ်။ ကျွန်တော် အများကြီးမပြောချင်ပါဘူး။ အသင်းလေ့ကျင့်တဲ့ပေါ်မူတည်ပြီး လူစာရင်းကို ရွေးချယ်မှာပါ”လို့ လမ်းပတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဘရန့်ဖို့်ဒ်ကို ၂-၀ နဲ့ အရေးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ရဲ့အသင်းဟာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက အာဆင်နယ်နဲ့ ၃၆ မှတ်အထိ ကွာဟနေပါတယ်။ အာဆင်နယ်ကလည်း ပုံစံကောင်းပျောက်နေပီး ၃ ပွဲသရေ ၁ ပွဲ အရေးနိမ့်ထားခဲ့ကာ မန်စီးတီးကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုအတွက် ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #လမ်းပတ် #အူဘာမီယန်း #ပရီးမီးယားလိဂ်