ရှေ့သို့
Image

ကွင်းလယ်ဒိုင် ပေါလ်တီယာနေးက သူနဲ့လီဗာပူး နစ်နာစေမယ့် ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်လိုက်တဲ့ ယာဂန်ကလော့ပ်

3:33 PM, 1 May

ကွင်းလယ်ဒိုင် ပေါလ်တီယာနေးက သူနဲ့လီဗာပူး နစ်နာစေမယ့် ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်လိုက်တဲ့ ယာဂန်ကလော့ပ်

မနေ့ညပိုင်း၊ တော့တင်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်ပေါလ်တီယာနေးဟာ သူနဲ့ လီဗာပူးအသင်း နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က စွပ်စွဲပြစ်တင်ခဲ့ပါတယ်။ အန်ဖီးလ်ကွင်းအတွင်း လီဗာပူးနဲ့ တော့တင်ဟမ်တို့ ရင်ဆိုင် ကစားတဲ့ ပွဲစဉ်မှာ အငြင်းပွားဖွယ်ဖြစ်ရပ်တွေနဲ့ အတူ အိမ်ရှင်တွေက ၄-၃ ဂိုးဆိုတဲ့ အနိုင်ရလဒ်နဲ့အတူ ရမှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။

ပွဲအစ ၁၅ မိနစ်မှာတင် လီဗာပူးက သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပိုမိနစ်မှာ ရစ်ချာလီဆန်က တစ်ဖက်သုံးဂိုးစီ သရေကျစေမယ့် ချေပဂိုးကို ရယူပေးခဲ့တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်း ရမှတ်ခွဲဝေယူတော့မယ်လို့ ယူဆလာချိန်မှာပဲ ဂျိုတာက အန်ဖီးလ်ကလပ်အတွက် နောက်ဆုံးမိနစ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက်အသင်းရဲ့ နည်းပြတွေဖြစ်တဲ့ ကလော့ပ်နဲ့ မေဆင်တို့ကတော့ အထက်ပါသွင်းဂိုးနှစ်ဂိုးနဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင်အသီးသီးကို ထုတ်ပြောကာ ဝေဖန်ခဲ့ကြပါတယ်။

ဂျိုတာရဲ့အနိုင်ဂိုးသွင်းယူပြီးချိန်မှာ စတုတ္ထဒိုင်ရှေ့ အပြင်းအထန်အောင်ပွဲခံခဲ့မှုကြောင့် ကလော့ပ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကလော့ပ်က ကွင်းလယ်ဒိုင်တီယာနေးဟာ သူ့ကိုအဝါကတ်ပြသချိန် တစုံတရာပြောဆိုခဲ့ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ကလော့ပ်က “တော့တင်ဟမ်ရဲ့ တတိယမြောက်ချေပဂိုးမတိုင်ခင် မိုဆာလက်ရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြစ်ဒဏ်ဘောတစ်ခု သူတို့ ဘယ်လိုပေးနိုင်မလဲ? ကျွန်တော်တို့မှာ တီယာနေးနဲ့ ပတ်သက်လို့ သမိုင်းကြောင်းရှိပါတယ်။ ကျွန်တော်တို့အသင်းနဲ့ဆန့်ကျင်မယ့် အရာတွေ သူဘယ်လိုလုပ်ထားသလဲဆိုတာ ကျွန်တော်လည်း တကယ့်ကို မသိတော့ပါဘူး။ ပြဿနာမရှိဘူးလို့ သူပြောခဲ့ပေမယ့် ဒါက အမှန်တရားမဟုတ်ပါဘူး။ သူ့အနေနဲ့ ကျွန်တော့်အပေါ် ဘယ်လိုရှုမြင်သလဲဆိုတာ ကျွန်တော်နားမလည်နိုင်ပါဘူး။ အင်္ဂလန်မှာ ဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့ ဘယ်သူကမှ ရှင်းရှင်းလင်းလင်း မပြောကြပါဘူး။ ဒါက တကယ့်ကို ဆန်းကြယ်ပြီး နားလည်ရခက်ခဲပါတယ်။ ကျွန်တော့်ရဲ့အောင်ပွဲခံမှုက မလိုအပ်ဘူးဆိုရင်လည်း ဒါက မျှမျှတတပဲပေ့ါ။ ဒါပေမယ့် ကျွန်တော့်ကို အဝါကတ်ပြသချိန်မှာ သူပြောခဲ့တဲ့ အရာက ကျွန်တော့်အတွက် အဆင်မပြေပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ကွင်းလယ်ဒိုင်တီယာနေး ပြောဆိုခဲ့တဲ့ စကားလုံးအတိအကျကို ထုတ်ပြောပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ တော့တင်ဟမ်နဲ့ လီဗာပူးတို့ပွဲစဉ်မှာ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့သူ တီယာနေးနဲ့ပတ်သက်လို့ ကလော့ပ်က ဆက်လက်ညည်းညူပြောဆိုခဲ့ပြန်ပါတယ်။ အဆိုပါပွဲစဉ်အတွင်း ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုပုံစံကို လီဗာပူးနောက်ခံလူ ရောဘတ်ဆန်၊ တော့တင်ဟမ်တိုက်စစ်မှူး ဟာရီကိန်းတို့ လုပ်ဆောင်ခဲ့ပေမယ့် ရောဘတ်ဆန်သာ အနီကတ်ပြစ်ဒဏ်ထိခဲ့ပြီး ဟာရီကိန်းကတော့ ပြစ်ဒဏ်မထိခဲ့တာကို ကလော့ပ်က ရည်ညွှန်းပြောဆိုခဲ့တာပါ။

“ပြဿနာက ကျွန်တော်ပြောဖို့လိုအပ်တယ်ဆိုတာပါပဲ။ တကယ့်ကိုအရေးကြီးတဲ့ ဘောလုံးရာသီတစ်ခုမှာ တီယာနေးက ဟာရီကိန်းကို အနီကတ်မပြသခဲ့ဘူး။ ကျွန်တော် ဟာရီကိန်းကို သဘောကျပါတယ်။ ပြီးတော့ ရောဘတ်ဆန်ကတော့ အနီကတ်ထိခဲ့ပါတယ်။ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး၊ အများကြီးကျန်ပါသေးတယ်”လို့ ကလော့ပ်က ဆက်ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ရဲ့ပြောဆိုမှုတွေအပေါ် အင်္ဂလန်ဘောလုံးလောက တာဝန်ရှိသူတွေ အမျက်ဒေါသထွက်ဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ဒီလိုပြောဆိုမှုမျိုးက ဂျာမန်သားနည်းပြအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဂျိုတာရဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးသွင်းယူပြီးချိန် အောင်ပွဲခံရာမှ တံကောက်ကြောဒဏ်ရာရသွားခဲ့တဲ့ နည်းပြက “ကျွန်တော်တို့က စံပြပုဂ္ဂိုလ်တွေ ဖြစ်ကြပေမယ့် ပထမဆုံးနဲ့ အရေးပါဆုံးအချက်က လူသားတွေဆိုတာပါပဲ။ ကျွန်တော် စတုတ္ထဒိုင်ကို ဘာမှမပြောခဲ့ပါဘူး။ အောင်ပွဲခံဖို့ သူ့ဘက် ကျွန်တော်လှည့်လာချိန်မှာပဲ ကျွန်တော် အဝါကတ်လက်ဆောင်ခဲ့ရတယ်။ သူ့ရဲ့အတွေးထဲမှာ ကျွန်တော့်ကို အခြားပြစ်ဒဏ်တစ်ခုလောက်ပဲပေးဖို့ တွေးနေလိမ့်မယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ပုံမှန်မဟုတ်တဲ့ အောင်ပွဲခံမှုတစ်ခုဆိုရင်တော့ တရားမျှတတဲ့ ပြစ်ဒဏ်တစ်ရပ်ပါပဲ။ ဒါပါပဲ။ ကျွန်တော်ကတော့ ရက်အနည်းငယ်ကြာတဲ့အထိ နာကျင်နေရပါလိမ့်မယ်။ တီယာနေးကတော့ အဲ့ဒီလိုမဟုတ်ဘူးပေါ့။ တည်တည်ငြိမ်ငြိမ်နဲ့အောင်ပွဲခံဖို့ ရှိလာခဲ့ရင်လည်း အောင်ပွဲခံမှုနဲ့ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ဆက်လုပ်သွားဖို့ ကျွန်တော် အဆင်သင့်ရှိနေပါလိမ့်မယ်” လို့  ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #တီယာနေး