ရှေ့သို့
Image

လီဗာပူး ကစားသမားတစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရိုက်တန်နဲ့ ဘန်လေ

1:20 PM, 29 April

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်နဲ့ လာမယ့်ရာသီပရီးမီးယားလိဂ်ဆီ တန်းတက်လာမယ့် ဘန်လေတို့က လာမယ့်နွေရာသီကာလမတိုင်ခင် လီဗာပူးကွင်းလယ်လူဂျိမ်းစ်မီလ်နာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Athletic သတင်းဌာနရဲ့သတင်းဖော်ပြမှုအရ သိရပါတယ်။

အသက်-၃၇ နှစ်အရွယ် ကွင်းလယ်လူက အခုဘောလုံးရာသီကုန်မှာ မာဆေးဆိုဒ်ကလပ်မှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေပါတယ်။ လီဗာပူးနည်းပြကလော့ပ်ကတော့ မီလ်နာကို စာချုပ်သက်တမ်းတိုးပေးဖို့ လိုလားနေပါတယ်။ ဒါပေမယ့် လီဗာပူးတာဝန်ရှိသူတွေက ကလော့ပ်ရဲ့လိုအင်ကိုဖြည့်ဆည်းပေးဖို့ ဆန္ဒမရှိပါဘူး။

၂၀၁၅ ခုနှစ်၊ မန်စီးတီးမှ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့တဲ့ မီလ်နာက မာဆေးဆိုဒ်ကလပ်အတွက် ပြိုင်ပွဲစုံ ၃၂၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းက အခုဘောလုံးရာသီမှာလည်း ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် ၃၇ ပွဲပါဝင်ကစားပေးကာ ဒီပွဲစဉ်တွေအနက် ၁၀ ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပါတယ်။

ကွင်းလယ်ပိုင်းနဲ့ ညာနောက်ခံလူနေရာမှာပါ ကစားနိုင်တဲ့ မီလ်နာကို လီဗာပူးအသင်းတာဝန်ရှိသူတွေက အခုဘောလုံးရာသီကုန်မှာ လမ်းခွဲမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ဘရိုက်တန်နဲ့ ဘန်လေတို့ကတော့ ပရီးမီးယားလိဂ်ဝါရင့်ကစားသမားကို ခေါ်ယူလိုနေကြတာပါ။

ဘရိုက်တန်ကလည်း လီဗာပူးကွင်းလယ်လူရဲ့ခြေစွမ်းအပေါ် အတော်လေးစိတ်ဝင်စားနေပြီး အသင်းဆီ အရောက်ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ တဖက်မှာလည်း မီလ်နာရဲ့အသင်းဖော်ဟောင်း၊ လက်ရှိဘန်လေနည်းပြကွန်ပနီက သူ့ရဲ့အသင်းလူစာရင်းမှာ လီဗာပူးကွင်းလယ်လူကို ပေါင်းထည့်ဖို့ မျက်စိကျနေပါတယ်။

#လီဗာပူး #ဘရိုက်တန် #မီလ်နာ #ပရီးမီးယားလိဂ်