ရှေ့သို့
Image

လီဗာပူး ကစားသမားတွေက ကိုယ့်ကိုကိုယ်ပြန်ပြီး တွန်းအားပေးဖို့ လိုအပ်နေတယ်လို့ ဗန်ဒိုက် ထုတ်ပြော

2:38 PM, 24 April

အခုဘောလုံးရာသီအတွင်း လီဗာပူး ကစားသမားတွေဟာ စိတ်ဓါတ်ပိုင်းအရ ရုန်းကန်ခဲ့ရတယ်လို့ နောက်ခံလူဗန်ဒိုက်က ဝန်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ အန်ဖီးလ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရပြီးနောက် နယ်သာလန်လက်ရွေးစင်အသင်း ခေါင်းဆောင်က အခုလိုပဲ ပြောဆိုလိုက်တာပါ။

ဗန်ဒိုက်က “ဒီရာသီကို ပြန်ကြည့်လိုက်မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံး လေးသင်း ဝင်ရောက်နိုင်ရေးကိစ္စက ဆွေးနွေးရမယ့်ကိစ္စတစ်ခု မဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေတလျှောက်လုံး ခြေစွမ်းတည်ငြိမ်မှုတွေ ရှာဖွေရတာ၊  အနိုင်ရဖို့ ကြိုးစားရတာတွေ အကုန်လုံး ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲစဉ်တွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ကစားသွားဖို့၊ အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဒီလိုကိစ္စတွေအတွက် လူတိုင်းကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းတွေအနက်တစ်ခုမှာ ကစားနေရတာအတွက် အရမ်းဂုဏ်ယူရမှာ ဖြစ်တယ်လို့ ယူဆမိပါတယ်။ ကစားသမားတိုင်းက အနိုင်ရချင်နေတာကြောင့် အခုလိုဂုဏ်ယူစရာကိစ္စတွေကို ကိုယ့်ကိုကိုယ်ပြန်ပြီး သတိပေးနေရမှာဖြစ်ပါတယ်။ ဘယ်သူကမှတော့ အမှားလုပ်ချင်ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့နှစ်တွေမှာ ဆုဖလားတွေ အနိုင်ရခဲ့ကြပါတယ်။ ကျွန်တော်တို့က အဲ့ဒီတုန်းကလို ပျော်ရွှင်မှုတွေ ပြန်လည်ရှာဖွေဖို့ လိုအပ်ပြီး ကိုယ့်အသင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကစားကာ ရလဒ်ကောင်းတွေ ရရှိဖို့ကြိုးစားရင်း စိတ်လှုပ်ရှားဖွယ် ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဒါကြောင့် အတူတကွရင်ဆိုင်ဖြတ်သန်းသွားဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရာသီကုန်ဖို့လက်ကျန်ပွဲစဉ်အနည်းငယ်ပဲ ကျန်ရှိတော့ချိန် လီဗာပူးနဲ့ အမှတ်ပေးဇယားအဆင့်-၄ နေရာရှိ နယူးကာဆယ်တို့အကြား ရမှတ်-၉ မှတ်အထိ ကွာဟနေပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်