အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေချင်တယ်လို့ ကိုင်ဆီဒို ပြောကြား
9:36 AM, 22 April
ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုက ဒီရာသီ အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီတုန်းက အာဆင်နယ်ကိုပြောင်းဖို့ လွဲချော်ခဲ့ရတာကိုလည်း ပြောကြားခဲ့ပါတယ်။ အီကွေဒေါသားဟာ ဒီရာသီဘရိုက်တန် အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဆောင်းဈေးကွက်တုန်းက အာတီတာက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို ကိုင်ဆီဒိုကလည်း အသင်းဘက်ကို ထွက်ခွာခွင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
သို့ပေမယ့် ဘရိုက်တန်က သူတို့စတားကို အသင်းမှာပဲ ဆက်ထိန်းထားခဲ့တာဖြစ်ပြီး ဒီဇာဘီနဲ့ပြန်လည် ပေါင်းဆုံခဲ့ကာ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အာဆင်နယ်က ကိုင်ဆီဒိုအစား ချဲလ်ဆီးစတား ဂျော်ဂျင်ဟိုကိုသာ အစားထိုးခေါ်ယူခဲ့ရပါတယ်။ အဲ့နောက် လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ကို သရေဆက်တိုက်ကျခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အာဆင်နယ်ကို ပြောင်းဖို့ အရမ်းကိုနီးစပ်ခဲ့ပါတယ်။ အများကြီးခံစားခဲ့ရပါတယ်။ ကျွန်တော် အခွင့်အရေးတွေလာဦးမယ်ဆိုတာ သေချာပြောနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်အကောင်းဆုံးလုပ်နေတာပါ။ အဲ့တာက ခက်ခဲပါတယ်။ အစပိုင်းတုန်းက အဆုံးထိမသွားနိုင်ခဲ့သလို လူတော်တော်များများက အင်စတာဂရမ်ကနေ လှောင်ကြပါတယ်။ လူတွေက ကျွန်တော့်ကို ဆိုးဝါးစွာ ဆက်ဆံခဲ့ပါတယ်။
ကျွန်တော့်လူမှုမီဒီယာအကောင့်ကိုပါ မစစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက အရမ်းနာကျင်ရလို့ပါ။ အာဆင်နယ်ကို အများကြီးမြင်ထားပြီးသလို သူတို့ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ကျွန်တော် သူတို့ကိုကြည့်ဖြစ်ပါတယ်။ ပြီးတော့ ကြိုက်လည်း ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ လူငယတွေ နဲ့ ခြေစွမ်းထက်တဲ့ ကစားသမားတွေရှိနေတာကြောင့်ပါ”လို့ ကိုင်ဆီဒိုက ပြောကြားခဲ့ပါတယ်။
ကိုင်ဆီဒိုတစ်ယောက် ဇန်နဝါရီတုန်းက မထွက်ခွာဖြစ်ခဲ့ပေမယ့် အသင်းဖော်ဟောင်း ထရိုဆက်ကတော့ အာဆင်နယ်ထံရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုင်ဆီဒိုက အသင်းမပြောင်းဖြစ်ခဲ့ပေမယ့် အသင်းဖော်တွေက နွေးနွေးထွေးထွေးပြန်လည်ကြိုဆိုတယ်လို့ ဆိုခဲ့ပါတယ်။ “သူတို့အားလုံးက ကျွန်တော့်ကို အားပေးကြပါတယ်။ ကျွန်တော်ပြန်လာချိန်မှာလည်း နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါတယ်။ ဒါကြောင့် ဒီမှာ အိမ်လိုပြန်ခံစားရစေပါတယ်။ ကျွန်တော် လေ့ကျင့်ခန်းဆင်းချိန်မှာလည်း သူတို့က ကူညီပါတယ်”လို့ ကိုင်ဆီဒိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အသက် ၂၁ နှစ်သားက အာဆင်နယ်အသင်း ချန်ပီယံဖြစ်မယ်လို့လည်း မျှော်လင့်မိတယ်လို့ ဆိုခဲ့ပါတယ်။