ရှေ့သို့
Image

ဆီးမီးမှာ ရီးရဲလ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရန် ယုံကြည့်မှု အပြည့်ဖြစ်နေကြောင်း ဆိုလိုက်တဲ့ ဆေးလ်ဗား

10:31 AM, 20 April

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် မန်စီးတီးအသင်းက ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ကင်မစ်ချ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရကာ ၁ဂိုး - ၁ဂိုး သရေဖြစ်ပြီး ၂ကျော့ပေါင်း ရလဒ် ၄ဂိုး - ၁ဂိုး ဖြင့် ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲတက်နိုင်ကြောင်း ဆေးလ်ဗားက ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ၃နှစ်ဆက် ချန်ပီယံဖြစ်ရေး အားစိုက်နေတဲ့ မန်စီးတီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ အတွင်းမှာ ပုံစံကောင်းပြသထားပြီး ဘိုင်ယန်မြူးနစ် အသင်းကို အီတီဟတ်ကွင်းအတွင်းမှာ ၃ဂိုး - ဝဂိုး ဖြင့် အနိုင်ရထားခဲ့သလို ဒုတိယအကျော့ပွဲစဉ်တွင်လည်း ပွဲချိန်အစောပိုင်းတွင် ပင်နယ်တီ မဝင်ခဲ့တဲ့ ဟာလန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခွင့်ရထားခဲ့ပြီး ဘိုင်ယန်ကွင်းလယ်ကစားသမား ကင်မစ်ချ်ရဲ့ ပင်နယ်တီဂိုးကို ခွင့်ပြုပေးရကာ ၁ဂိုး - ၁ဂိုး သရေဖြစ်ပြီး ၂ကျော့ပေါင်း ရလဒ်မှာ အသာစီးရယူကာ ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် နည်းပြ အန်ဆယ်လော့တီရဲ့ ဦးဆောင်မှုနဲ့အတူ ယုံကြည်မှု မြင့်မားနေတဲ့ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တန်းကစားသမားတွေဖြင့် စုဖွဲ့ထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရန် ယုံကြည်ချက်ထားတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဘာနန်ဒိုဆေးလ်ဗားက “သေချာပေါက်တော့ အားလုံးက အကောင်းဆုံး ကြိုးစားကြမှာပါ။ ကျွန်တော်တို့ ကစားသမားတွေအားလုံးက ယုံကြည်ချက် အပြည့်ဖြစ်နေပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ရမယ်လို့ ယုံကြည်ပါတယ်” “ဘောလုံးရာသီ အစောပိုင်းမှာ အနည်းငယ်ရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့ အခုအချိန်မှာ ပြိုင်ပွဲတိုင်း အနိုင်ရရန် ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားကြမှာပါ”လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #ရီးရဲလ်မက်ဒရစ် #ဆေးလ်ဗား #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်