ရှေ့သို့
Image

ရီးရဲလ်နဲ့ ပွဲစဉ်မှာ ချဲလ်ဆီးက ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့တယ်လို့ ထုတ်ပြောလာတဲ့ နည်းပြ လမ်းပတ်

4:23 PM, 19 April

ဒီနေ့မနက်ပိုင်း၊ စတမ်းဖို့ဘရစ်ချ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ချဲလ်ဆီးက ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့တယ်လို့ နည်းပြလမ်းပတ်က ထုတ်ပြောလိုက်ပါတယ်။

အခုပွဲစဉ်မှာ ချဲလ်ဆီးက ယခင်ရက်သတ္တပတ်ပွဲစဉ်တွေထက် ပိုမိုကောင်းမွန်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပြီး ကန်တေ၊ ကူကူရယ်လာတို့ရဲ့ ကြိုးစားမှုတွေ သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ရပါတယ်။ ဧည့်သည်မက်ဒရစ်ကလပ်အတွက် သွင်းဂိုးတွေကို ဒုတိယပိုင်းပွဲချိန်တွေမှာ တိုက်စစ်မှူးရိုဒရီဂိုက သွင်းယူပေးခဲ့တာပါ။

ဒီပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှ လက်ပြနှုတ်ဆက်ခဲ့ရပေမယ့် နည်းပြလမ်းပတ်ကတော့ အသင်းမှာ အမှန်တကယ်တိုးတက်မှုလက္ခဏာတွေ ရှိလာပြီလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

ပွဲစဉ်အပြီး BT Sport သတင်းဌာနနဲ့တွေ့ဆုံချိန် အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းက “ကျွန်တော်တို့ ပွဲချိန်မိနစ် ၆၀ အထိ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ သာမန်အခြေအနေမှာဆိုရင် ဂိုးတွေ သွင်းယူနိုင်ပြီး ၃-၀ ဂိုးလောက်အထိ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အပြောင်းအလဲအချို့ လုပ်ဆောင်ခဲ့ပါတယ်။ သာမန်အခြေအနေမှာဆိုရင် အစီအစဉ်တကျ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် မိနစ် ၆၀ လောက်အထိ တကယ်ကောင်းမွန်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ ဒီလိုအဆင့်မျိုးမှာ အခုလိုအခွင့်အရေးမျိုးကို လိုလည်း လိုချင်သလို အသုံးချနိုင်ဖို့လည်း လိုအပ်ပါတယ်။ ရှုံးပွဲအပြီးမှာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ သိပ်ပြီးတော့ မချီးကျူးချင်ကြပါဘူး။ ဒါပေမယ့် အခုရာသီ ကျွန်တော်တို့ ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့အတူ လက်ရှိရောက်ရရှိနေတဲ့ အနေအထားကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့………။ ဒီညက ကျွန်တော်တို့ရဲ့ညတော့ မဖြစ်လာခဲ့ဘူး။ ကစားသမားအချို့အနေနဲ့ ဒီည အတွေ့အကြုံတွေကို နားလည်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လာချိန်မှာ အသုံးချသွားရပါမယ်”လို့ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ရုန်းကန်နေရတဲ့တိုက်စစ်ပိုင်းက အသင်းကို နောက်တစ်ကြိမ်ထိခိုက်စေခဲ့သလားလို့ မေးမြန်းလာမှုအပေါ် လမ်းပတ်က “ဟုတ်ပါတယ်၊ အမှန်ပါပဲ။ ကျွန်တော်တို့က ဂိုးဧရိယာထဲမှာ ကစားသမားတွေ ရှိနေခဲ့ပြီး ဖြတ်တင်ဘောတွေ အများကြီးပြုလုပ်နိုင်ခဲ့တယ်။ ဒီအတွက်တော့ ကစားသမားတွေကို ကျွန်တော့် အနေနဲ့ ဝေဖန်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့ဘူးဆိုတာလည်း အချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ ပွဲသာ ၂-၁ လောက် ဖြစ်သွားခဲ့မယ်ဆိုရင် အပြောင်းအလဲကြီးတစ်ခုတကယ်ဖြစ်လာလိမ့်မယ်လို့ အမှန်တကယ် ခံစားမိပါလိမ့်မယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံ၊ ဘောလုံးသယ်ဆောင်ပုံတွေက အရမ်းကို ကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်ကို ပြဿနာတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံမျိုးပါပဲ။ ကျွန်တော် အသင်းဆီ ပြန်ရောက်လာချိန်ကတည်းက ကျွန်တော်လမ်းညွှန်ထားတဲ့ ပုံစံမျိုးနဲ့ ကစားနိုင်တဲ့ ပထမဆုံးပွဲစဉ်ပါပဲ။ အခုလို ကစားပုံမျိုးကို ရာသီကုန်အထိ ဆက်လက်သယ်ဆောင်သွားရပါမယ်”လို့ ဆက်ပြောခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ပွဲပျောက်မှုအရှည်ကြာဆုံးအနေအထားနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးက လာမယ့်ဧပြီ ၂၆ ရက်၊ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ်