ရှေ့သို့
Image

ချဲလ်ဆီးဘက်ကို လှလှပပဂိုးသွင်းသွားတဲ့ ဘရိုက်တန်လူငယ်လေး အန်စီဆိုရဲ့အကြောင်း တစ်စေ့တစ်စောင်း

11:09 AM, 18 April

ဘရိုက်တန်အသင်းကတော့ အရည်အချင်းပြည့်ဝတဲ့ ကျောက်ရိုင်းလေးတွေကို ရှာဖွေတတ်တဲ့ ပရီးမီးယားလိဂ်အသင်းအဖြစ် နာမည်ကြီးသလို ယခုအချိန်မှာလည်း နောက်ထပ် လူငယ်ကစားသမားလေးတစ်ဦးကို ရှာတွေ့ထားခဲ့ပါတယ်။ 

အန်စီဆိုဟာ စနေညက စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးဘက်ကို အနိုင်ဂိုးသွင်းကာ ပရီးမီးယားလိဂ်ပရိသတ်တွေကို ဖမ်းစားခဲ့နိုင်ခဲ့ပါတယ်။

ပါရာဂွေးသားလေးဟာ နယူးကာဆယ်မှာ အယ်မီရွန် ခြေစွမ်းပြနေခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ နောက်ထပ်ပေါ်ထွက်လာတဲ့ ပါရာဂွေးလူငယ်လေးပဲ ဖြစ်ပါတယ်။

ဒါကြောင့် အန်စီဆိုရဲ့အကြောင်းကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

အန်စီဆိုဟာ အခြားဘောလုံးသမားတွေလိုပဲ အသင်းငယ်လေးကနေပဲ ကစားသမားဘ၀ စတင်ခဲ့တာဖြစ်ပြီး မွေးရပ်မြေကလပ် ကားဂူအာဇူမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် အသက်၁၁နှစ်အရွယ်မှာ ပါရာဂွေးအသင်းကြီးဖြစ်တဲ့ ကလပ်လီဘာတက်ဒ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အသင်းအတွက် ၇၂ပွဲကစားကာ ၂၅ဂိုးသွင်းယူပြီး ၈ဂိုးဖန်တီးပေးခဲ့တာကြောင့် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားလာကာ အင်္ဂလန်ကို ရောက်ရှိလာခဲ့ပါတယ်။ တောင်အမေရိက ကနေ အင်္ဂလန်ကို ရောက်လာတဲ့ ကစားသမားတွေဟာ စောင့်ကြည့်ခံရသူများပြီး အန်စီဆိုကလည်း အဲ့ဒီကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

အယ်မီရွန်ဟာ နယူးကာဆယ်အသင်းကို ဥရောပဝင်ခွင့်ရအောင် ကူညီပေးနေချိန်မှာပဲ အန်စီဆိုဟာလည်း နောင်တော်ကြီးရဲ့ခြေရာကို နင်းနိုင်ဖို့ အိပ်မက်မက်နေခဲ့ပါတယ်။

ပါရာဂွေးဘောလုံးလောကရဲ့ စိန်တစ်ပွင့်လို့ သတ်မှတ်ခံထားရတဲ့ အန်စီဆိုဟာ တိုက်စစ်မှူးရော၊ တောင်ပံနေရာမှာပါ ကစားနိုင်ပေမယ့် အများစုကတော့ တိုက်စစ်မှူးနေရာပဲ ကစားခဲ့ပါတယ်။

ပင်နယ်တီဧရိယာထဲ ဝင်ရတာကြိုက်ပြီး အသင်းဖော်တွေအတွက် ရွေးချယ်စရာများအောင် ကူညီပေးတတ်ပါတယ်။ 

ဘရိုက်တန်အသင်းဟာ တန်ပြန်တိုက်စစ်စတဲ့နေရာမှာ အထူးကောင်းမွန်တဲ့အသင်းဖြစ်တာကြောင့် အန်စီဆိုရဲ့လျင်မြန်မှုက ပရီးမီးယားလိဂ်နောက်ခံလူတွေကို ပြဿနာတွေတက်စေမှာ သေချာနေပါတယ်။

ဘရိုက်တန်ဟာ ကိုင်စီဒို၊ မက်အယ်လစ္စတာတို့လို ကစားသမားတွေကိုလည်း မွေးထုတ်ထားတာကြောင့် အန်စီဆိုဟာလည်း အလားတူခြေစွမ်းမျိုး ပြသနိုင်ဖို့ မျှော်လင့်ရပါတယ်။

အန်စီဆိုဟာ သူဘာလိုချင်လဲဆိုတာ သိသူဖြစ်သလို ရလာတဲ့အခွင့်အရေးကိုလည်း အမိအရဆုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းက ယခုနှစ်ပိုင်းတွေအတွင်း တောင်အမေရိကနဲ့ အဆက်အသွယ်ကောင်းတွေရှိကာ ၂၀၂၂ ဇွန်လက အန်စီဆိုကို ခေါ်ယူခဲ့ပါတယ်။

အဆိုပါအချိန်က နည်းပြဖြစ်သူ ပေါ်တာကလည်း အန်စီဆိုဟာ အရည်အချင်းပြည့်ဝတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး အများကြီး မျှော်လင့်ထားကြောင်း ပြောကြားထားခဲ့ပါတယ်။

အန်စီဆို ကစားနေတာကို ကြည့်ရတာက တစ်ချိန်က ပါရာဂွေးဂန္တဝင်တိုက်စစ်မှူးကြီး အော်စကာ ကာဒိုဇိုကို ပြန်မြင်နေရသလိုပါပဲ။

ဒါကလည်း ကာဒိုဇိုကလည်း သူ့ကို ကွင်းတွင်း၊ ကွင်းပြင်မှာ လေ့ကျင့်ပေးကာ အကြံဉာဏ်တွေ ပေးခဲ့လို့ဖြစ်ကြောင်း အန်စီဆိုက ဖွင့်ဟထားပါတယ်။ 

ဒါကြောင့် မကြာခင် ပေါ်ထွန်းလာတော့မယ့် ကျောက်ရိုင်းတစ်ပွင့်ဖြစ်တဲ့ အန်စီဆိုတစ်ယောက် ကမ္ဘာ့ဘောလုံးလောကမှာ ဘယ်လိုအသုံးတော်ခံဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။


#အယ်ဒီတာအကြိုက် #ဘရိုက်တန် #ပရီးမီးယားလိဂ်