ရှေ့သို့
Image

လီဗာပူးအသင်းအတွက် ကွင်းလယ်လူအဖြစ် ကစားပြီး ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပေးခဲ့တဲ့ အာနိုးလ်

10:12 AM, 18 April

လီဗာပူးအသင်းဟာ ယမန်နေ့ညက လိဒ်စ်ယူနိုက်တက်ကို ၆-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆိုပါပွဲစဉ်အတွင်း ညာနောက်ခံလူ အာနိုးလ်က ကွင်းလယ်လူအဖြစ် တက်ကစားသွားခဲ့တာကို ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။

၂၄နှစ်သားအတွက် ဒီရာသီက ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့် ယမန်နေ့ညပွဲစဉ်အတွင်း သူက လီဗာပူးတိုက်စစ်အတွက် ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကတောင် “အာနိုးလ်က ဒီလိုနေရာမှာ အရမ်းကောင်းတယ်”လို့ ချီးကျူးသွားခဲ့ပါတယ်။

ပရိသတ်တစ်ဦးကလည်း “အာနိုးလ်အတွက် နေရာတစ်ခုကို ငါတို့ရှာတွေ့ခဲ့ပြီထင်တယ်။ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်ပါ”လို့ ရေးသားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယမန်နှစ်တွေက စွမ်းဆောင်ရည်တွေမျိုး မပြသနိုင်ခဲ့ပဲ ကွင်းလယ်ပိုင်း လိုအပ်ချက်က တော်တော်လေးကို သိသာထင်ရှားနေခဲ့ပါတယ်။

အာနိုးလ် ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တာကြောင့် နည်းပြ ကလော့ပ်အနေနဲ့ လာမယ့်ပွဲစဉ်တွေမတိုင်ခင် လူစာရင်းရွေးချယ်ရာမှာ ခေါင်းခဲစရာတွေ ဖြစ်လာတော့မှာပါ။

လီဗာပူးအသင်းဟာ လက်ရှိမှာတော့ အဆင့်၇နေရာက ဘရိုက်တန်ကို တစ်ပွဲပိုအနေအထားနဲ့ ၂မှတ်သာကွာတော့တဲ့အခြေအနေကို ရောက်လာခဲ့ပါတယ်။

#လီဗာပူး #လိဒ်စ်ယူနိုက်တက် #အာနိုးလ်