ရှေ့သို့
Image

၅-၀ လောက်နဲ့ နိုင်ရမယ့်ပွဲကို သရေကျခဲ့လို့ ယူနိုက်တက်အစားရှက်မိတယ်လို့ ပီတာရှမိုက်ကယ်ဝေဖန်

4:07 PM, 14 April

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်က ဆီဗီလာနဲ့ ယူရိုပါလိရ်ပွဲစဉ် ဒုတိယပိုင်းမှာ ယူနိုက်တက်ရဲ့ အရှက်ရဖွယ် ကျရှုံးမှုကို အရမ်းကိုစိတ်ပျက်မိကြောင်း ပြောခဲ့ပါတယ်။ မာဆယ်ဆာဘစ်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ယူနိုက်တက်က ပထမပိုင်း ၂-၀ နဲ့ ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ဒါပေမယ့် ဒုတိယပိုင်းမှာတော့ နည်းပြအဲရစ်တန်ဟတ်ရဲ့ အသင်းဟာ မယုံနိုင်လောက်အောင် ကစားပုံပျက်ယွင်းသွားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတဲ့ ကွာတားဖိုင်နယ်ပထမအကျော့ကို နိုင်ပွဲနဲ့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ 


ပွဲချိန် ၈၄ မိနစ်မှာ ဂျီးဆပ်နာဗက်စ်ရဲ့ ဂိုးစည်းထဲကို ပေးပို့မှုက တိုင်ရယ်မာလာစီယာရဲ့ ခြေထောက်နဲ့ထိပြီး  ဂိုးဝင်သွားခဲ့လို့ ဂိုးသမား ဒေးဗစ်ဒီဂီယာလည်း ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။ ပိုဆိုးတာက ထပ်ဆောင်းအချိန်မှာ ယူဆက်ဖ်အန်နက်ဆရီရဲ့ ခေါင်းတိုက်ချက်က အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီနဲ့ ထိပြီးလမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့ပြန်တာကြောင့် သရေရလဒ်ထွက်ပေါ်သွားခဲ့ပါတယ်။ 


နောက်ထပ်ထိုးနှက်ချက်တစ်ခုအနေနဲ့တော့ အဓိကခံစစ်မှူးတွေဖြစ်ကြတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ရာဖေးလ်ဗာရာနီတို့ နှစ်ယောက်စလုံး ဒဏ်ရာကိုယ်စီ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဧပြီလ ၂၀ ရက်နေ့မှာ ဆီဗီလာရဲ့ ရာမွန်ဆန်းချက်ဇ်ပစ်ဇ်ဟွမ်ကွင်းကို ဒုတိယအကျော့အဖြစ် သွားရောက်ရင်ဆိုင်ရဦးမှာဖြစ်ပြီး အဲ့ဒီပွဲကို ဒုတိယအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဦးမှာပါ။ 


အဆိုပါပွဲကို သုံးသပ်သူအဖြစ် တာဝန်ယူခဲ့တဲ့ ရှမိုက်ကယ်က ဒီဂီယာ၊ ကတ်စ်မဲရိုးနဲ့ ဆာဘစ်ဇာတို့ရဲ့ ခြေစွမ်းတွေကို ချီးကျူးခဲ့ပေမယ့် ယူနိုက်တက်က ဒီပွဲစဉ်ကို ၅-၀ လောက်နဲ့ နိုင်ပွဲရရှိခဲ့သင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဂန္တဝင်ဂိုးသမားကြီးက “ ဒါကသင့်တင့်တဲ့ ရလဒ်ပါပဲ၊ ဒုတိယပိုင်းခြေစွမ်းနဲ့ဆိုရင် ဒီရလဒ်မျိုး ဖြစ်မှာပါပဲ။ မန်ချက်စတာယူနိုက်တက် ကစားသမားတွေက အရမ်းကောင်းတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြပါတယ်။ 


တစ်ချို့ကစားသမားတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုပါတယ်၊ ကိုယ့်ခြေစွမ်းက အသင်းအတွက် အမှန်တကယ်အကျိုးရှိရဲ့လားဆိုတာ စဉ်းစားသင့်ပါတယ်။ ကိုယ့်ခြေစွမ်းကိုယ် အရှက်ရသင့်တဲ့ ကစားသမားတစ်ချို့လည်း ရှိပါတယ် ” လို့ ပြောခဲ့ပါတယ်။ ရှမိုက်ကယ်က ဆက်လက်ပြီး “ ဒီဂီယာတော်တော်ကောင်းပါတယ်၊ og နှစ်လုံးကို ဘာမှမတတ်နိုင်ခဲ့ပေမယ့် သေချာပေါက် ဂိုးဝင်နိုင်တဲ့ ကာကွယ်မှုနှစ်ကြိမ် လုပ်နိုင်ခဲ့တယ်။ သူက ယူနိုက်တက်ကို ဆက်ပြီးဦးဆေင်နေဦးမှာပါ၊ ကတ်စ်မဲရိုးရဲ့ တစ်ကျော့ပြန်ပွဲကလည်း အကောင်းဆုံးခြေစွမ်း ရခဲ့ပါတယ်။ 


ဒီပွဲရဲ့ အကောင်းဆုံးကစားသမားကတော့ နှစ်ဂိုးသွင်တဲ့ မာဆယ်ဆာဘစ်ဇာပဲ၊ တကယ်ကောင်းခဲ့ပါတယ်။ သူ့အသင်းဖော်တွေထက်ကို သိသိသာသာ ပိုကောင်းခဲ့တာပါ။ ဘယ်သူမှလိုက်မမီနိုင်တဲ့ ခြေစွမ်းမျိုး ကစားပြသွားတယ်လို့ ပြောလို့ရတယ်။ ဒီပွဲက ၂-၂ နဲ့ပြီးခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ပရိသတ်တစ်ယောက်အနေနဲ့တော့ အတော်လေး စိတ်ပျက်တယ်။ ဒီပွဲက  အမှန်ဆို ၅-၀ လောက်ဖြစ်ရမယ့်ပွဲပါ ” လို့ ဝေဖန်ခဲ့ပါတယ်။ 


#မန်ချက်စတာယူနိုက်တက် #ရှမိုက်ကယ် #ယူရိုပါလိဂ် #တန်ဟတ်