ရှေ့သို့
Image

ဖရန့်ဖတ်က ထွက်ချင်နေတဲ့ မူအာနီကို ဘိုင်ယန်နဲ့အပြိုင်ကမ်းလှမ်းရနိုင်တဲ့ ယူနိုက်တက်

6:11 PM, 11 April

ဘိုင်ယန်မြူးနစ်နဲ့မန်ချက်စတာယူနိုက်တက် ပစ်မှတ်ရန်ဒယ်ကိုလိုမူအာနီက ဒီနွေရာသီမှာ ဖရန့်ဖတ်ကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဖရန့်ဖတ်ဟာ ပြီးခဲ့တဲ့ဇွန်လကမှစာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို  နန်တက်စ်ကနေ အလွတ်နဲ့ခေါ်ယူထားတာ ဖြစ်ပါတယ်။ 


ဂျာမနီကိုရောက်တာ တစ်နှစ်တောင် မပြည့်သေးပေမယ့် ကိုလိုမူအာနီရဲ့တန်ဖိုးက ပေါင်သန်း ၁၀၀ ဝန်းကျင်ထိ မြင့်တက်လာခဲ့ပြီး ဒီနွေရာသီမှာ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အခုလိုအခြေအနေထိ ဖြစ်လာတာကြောင့်လည်း မူအာနီရဲ့ အသင်းဟောင်း နန်တက်စ်အတွက်တော့ ဆေးခါးကြီး သောက်နေရသလို ဖြစ်သွားပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၁၉ ဂိုးသွင်း ၁၄ ဂိုးဖန်တီးထားခဲ့ပါတယ်။ 


ကောလာဟလတွေအရတော့ ဖရန့်ဖတ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက မူအာနီအတွက် အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအနေအထားအရ ဖရန့်ဖတ်ဟာ ၆ ပွဲဆက် နိုင်ပွဲပျောက်ပြီး ထိပ်ဆုံး ၄ သင်းနဲ့ ၇ မှတ်အကွာ အဆင့် ၇ နေရာကို ရောက်ရှိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်သာ မရရင် ကိုလိုမူအာနီကိုဆက်ထိန်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖရန့်ဖတ်ဘက်ကတော့ သူတို့ရဲ့အဓိကတိုက်စစ်မှူးကို ချန်ပီယံလိဂ်ဝင်ခွင့်မရရင်တောင်မှ လွယ်လွယ်ကူကူတော့ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။


ကိုလိုမူအာနီကို ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေကြောင်း အပြောင်းအရွှေ့သတင်းထောက် ဖလော်ရီးယန့်ပလက်တန်ဘက်က ပြောခဲ့ပြီး ကစားသမားကလည်း နွေရာသီမှာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဓိကကစားသမား တစ်ယောက်အတွက် ဖရန့်ဖတ်က အနည်းဆုံး ယူရိုသန်း ၁၀၀ လောက်ထိ တောင်းနိုင်ပြီး ဘိုင်ယန်ဘက်ကတော့ ယူရိုသန်း ၇၀ ကနေ ၈၀ လောက်ထိသာ အများဆုံးပေးဖို့ ဆန္ဒရှိပါတယ်။ 


ယခင်နည်းပြ ဂျူလီယန်နာဂျယ်စ်မန်းက ၂၄ နှစ်သားကို စိတ်မဝင်စားခဲ့ပေမယ့် နည်းပြသစ်သောမတ်စ်တူချယ်ကတော့ အခြေအနေချင်း မတူညီတော့ပါဘူး။ ကိုလိုမူအာနီမှာလည်း စာချုပ်ဖျက်သိမ်းကြေးမရှိသလို စာချုပ်သက်တမ်းကလည်း ၂၀၂၇ ထိတောင် ရှိနေသေးတာကြောင့် ဖရန့်ဖတ်ဘက်က စိတ်ကြိုက်ပြုလုပ်ခွင့်ရှိနေပါတယ်။ ချန်ပီယံဝင်ခွင့်မရပဲ ယူရိုပါလိဂ်လောက်နဲ့ ကျေနပ်ခဲ့ရရင်တောင်မှ ဖရန့်ဖတ်ရဲ့အားကစားဒါရိုက်တာ မားကပ်စ်ခရိုရှေးက ညှိနှိုင်းရခက်တဲ့ သူဖြစ်နေတာကြောင့် ကမ်းလှမ်းမယ့်အသင်းတွေအတွက်လည်း အခက်အခဲတစ်ချို့ ရှိနေပါတယ်။ 


ဘိုင်ယန်မြူးနစ်က နွေရာသီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း ချိတ်ဆက်မှုတွေရှိပေမယ့် ကိုလိုမူအာနီကတော့ ဖြစ်နိုင်ချေပိုများကြောင်း ပလက်တန်ဘက်က ပြောခဲ့ပါတယ်။ ယူနိုက်တက်ကလည်း နွေရာသီမှာ ကိုလိုမူအာနီအတွက် ပေါင် ၁၀၅ သန်းထိ ပေးဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။ 


ဒီနွေရာသီမှာ တိုက်စစ်မှူးရှာပုံတော်အပြိုင်ဖွင့်မယ့် ဘိုင်ယန်နဲ့ယူနိုက်တက်ရဲ့ ပြိုင်ဆိုင်မှုကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြီး ဈေးကွက်ထဲမှာ ရှိနေတဲ့ ကိန်းနဲ့ ကိုလိုမူအာနီအပြင် ဘင်ဖီကာလူငယ်ကြယ်ပွင့် ဂွန်ဆာလိုရာမို့စ်၊ နာပိုလီကြယ်ပွင့် ဗစ်တာအိုဆီမန်တို့အတွက် အပြိုင်ကမ်းလှမ်းမှုတွေကို မြင်တွေ့ရနိုင်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဖရန့်ဖတ် #အပြောင်းအရွှေ့ မူအာနီ