ရှေ့သို့
Image

ဆန္ဒရှိရင် အသင်းကနေ ထွက်ခွာနိုင်ကြောင်း ဝမ်ဘစ်ဆာကာကိုပြောခဲ့တဲ့ တန်ဟတ်

3:15 PM, 10 April

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာအနေနဲ့ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိရင် ထွက်ခွာနိုင်ကြောင်း ပြောခဲ့ပါတယ်။ ၂၀၁၉ နွေရာသီမှာ ပဲလေ့စ်ကနေ ရောက်ရှိလာပြီးကတည်းက ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်အတွက် ၁၄၉ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ 


ရာသီအစနဲ့ ကမ္ဘာ့ဖလားနားချိန်အထိကြားကာလအတွင်း ပရီးမီးယားလိဂ်မှာ ၄ မိနစ်သာ ကစားခဲ့ရပြီးနောက် ဇန်နဝါရီမှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီယိုဂိုဒါလော့ရဲ့ ဒဏ်ရာပြဿနာကြောင့် ၂၅ နှစ်အရွယ် ကစားသမားဟာ ပွဲထွက်လူစာရင်းထဲမှာ ပြန်လည်နေရာရလာခဲ့ပါတယ်။ ဒါလော့ ပြန်ကစားနိုင်ပြီးနောက်မှာတော့ နည်းပြတန်ဟတ်က ညာနောက်ခံလူ နှစ်ယောက်ကို အလှည့်ကျ ပွဲထွက်စေခဲ့ပြီး မကြာသေးမီကမှ ဝမ်ဘစ်ဆာကာရော၊ ပေါ်တူဂီသားပါ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အာမမခံနိုင်ကြောင်း ပြောခဲ့ပါတယ်။ 


ယူနိုက်တက်ဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ညာနောက်ခံလူနေရာကို ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်ရှိနေပြီး အဓိကပစ်မှတ်အနေနဲ့ လေဗာကူဆင်က ဂျရမီးဖရင်ပေါင်ကို စိတ်ဝင်စားလျက်ရှိပါတယ်။ တစ်ဖက်မှာ ဖရင်ပေါင်ကလည်း သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေပဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ထက် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ကို ပိုပြီးစိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ 


ယူနိုက်တက်သာ ညာနောက်ခံလူသစ် တစ်ဦးထပ်မံခေါ်ယူခဲ့မယ်ဆိုရင်တော့ သေချာတာက ဝမ်ဘစ်ဆာကာ သို့မဟုတ် ဒါလော့တို့ထဲက တစ်ယောက်ကတော့ အသင်းကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။ သတင်းတွေအရတော့ ယူနိုက်တက်နည်းပြဟာ နွေရာသီမှာ ဝမ်ဘစ်ဆာကာကို အသင်းကနေ ထွက်ချင်ရင် ထွက်ခွင့်ပြုကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါသတင်းမှာပဲ နည်းပြတန်ဟတ်ဟာ ဒါလော့ကိုတော့ အသင်းမှာ ဆက်ထိန်းချင်တယ်လို့ ဆိုပါတယ်။ 


ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်နဲ့ ၂၀၂၄ ဇွန်လထိ စာချုပ်သက်တမ်း ရှိနေပြီး နောက်ခံလူအတွက် အငှား သို့မဟုတ် အပြီးသတ် အပြောင်းအရွှေ့တွေကို နားထောင်သွားဖို့ ပြင်ဆင်ထားပါတယ်။ ပဲလေ့စ်ကြယ်ပွင့်ဟောင်းဟာ စနေနေ့တုန်းက အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်ခွင့် ရခဲ့ပါသေးတယ်။ လာမယ့်ကြာသပတေးနေ့ညမှာ ကစားရမယ့် ဆီဗီလာနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် အိမ်ကွင်းပွဲစဉ်မှာလည်း လူစာရင်းထဲမှာ ထပ်မံပါဝင်လာဖွယ် ရှိနေပါတယ်။ 

#အာတီတာ #အာဆင်နယ် #ဝမ်ဘစ်ဆာကာ #တန်ဟတ် #ပရီးမီးယားလိဂ်