ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက်မှာ ဆက်ကစားဖို့ စိတ်အားထက်သန်နေတဲ့ ဆာဘစ်ဇာ

2:17 PM, 10 April

မန်ချက်စတာယူနိုက်တက်ရဲ့ အငှားကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကတော့ သူ့ရဲ့အငှားကာလ ကုန်ဆုံးသွားရင်လည်း အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ကစားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 


ယူနိုက်တက်ဟာ သြစတြီးယားကွင်းလယ်လူကို ဇန်နဝါရီလက အငှားနဲ့ ဘိုင်ယန်မြူးနစ်ကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယန်အဲရစ်ဆင်ရဲ့ ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမားတစ်ဦး အမြန်ဆုံး ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာကို ရောက်ရှိလာပြီးကတည်းက ဆာဘစ်ဇာကလည်း သူ့ရဲ့အရည်အချင်းကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့ပါတယ်။ 


၂၉ နှစ်အရွယ် ကစားသမားဟာ နည်းပြအဲရစ်တန်ဟတ်ရဲ့ ဗျူဟာတွေနဲ့ အကောင်းဆုံး အသားကျအောင် ကစားပေးနိုင်ခဲ့ပြီး အသင်းရဲ့ ကွင်းလယ်မှာ ဟန်ချက်ထိန်းပေးပြီး ကစားကွက်ရဲ့ လိုအပ်တဲ့နေရာတိုင်းကို ဖြည့်ကစားပေးနိုင်ခဲ့ပါတယ်။ စွယ်စုံရကစားသမားပီပီ နံပါတ် ၆၊ နံပါတ် ၈ နဲ့ နံပါတ် ၁၀ နေရာတွေမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ သတင်းတွေအရတော့ ဆာဘစ်ဇာတစ်ယောက် မန်ချက်စတာမှာ နေရတာကို ပျော်ရွှင်နေပြီး အသင်းကလည်း သူ့ကိုအပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 


မိခင်ကလပ် ဘိုင်ယန်မြူးနစ်ကလည်း ဒီနွေရာသီမှာ ဆာဘစ်ဇာကို ရောင်းချဖို့ လမ်းဖွင့်ထားတာကြောင့် ညှိနှိုင်းမှုတွေက မြန်မြန်ဆန်ဆန် ပြီးဆုံးနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆာဘစ်ဇာကိုယ်တိုင်က အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာကို ပျော်ရွှင်ကြောင်း အေးဂျင့်ကိုပြောပြခဲ့ပြီး အပြီးသတ်ပြောင်းရွှေ့ခွင့်ရအောင် ကြိုးစားပေးဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ 


ယူနိုက်တက်ကလည်း ဆာဘစ်ဇာအတွက် ညှိနှိုင်းမှုတွေကို လာမယ့်ရက်သတ္တပတ်တွေအတွင်း ပြုလုပ်ဖွယ်ရှိပြီး ပေါင် ၂၅ သန်းကနေ သန်း ၃၀ ကြားနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ် ရှိပါတယ်။ ကွင်းလယ်အင်အား အရမ်းလိုနေတဲ့ ယူနိုက်တက်အတွက်တော့ ဆာဘစ်ဇာလို စွယ်စုံရ ကွင်းလယ်ကစားသမား တစ်ယောက်က မဖြစ်မနေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ