ရှေ့သို့
Image

ချဲလ်ဆီးအသင်းသားများကို လှုံ့ဆော်ရန် လမ်းပတ်ပြုလုပ်ခဲ့သည့် အရာများကို ပြောကြားလိုက်တဲ့ ကူလီဘာလီ

12:23 PM, 10 April

နည်းပြသစ် လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည်ရောက်ရှိချိန်တွင်  ချဲလ်ဆီးကစားသမားများအား လှုံ့ဆော်ရန် ပြုလုပ်ခဲ့သည့်အရာများကို နောက်ခံလူ ကူလီဘာလီမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်း၏ ဂန္တဝင်ကစားသမားဘဝမှ အနားယူခဲ့တဲ့ လမ်းပတ်သည် မကြာသေးမီကမှ ဂရေဟမ်ပေါ်တာ၏ နေရာတွင်အစားထိုးရန်အတွက် ချဲလ်ဆီးအသင်း၏နည်းပြနေရာကို ဒုတိယအကြိမ်မြောက် ပြန်လည်တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအတွက် စနေနေ့က လမ်းပတ်ဟာ ပထမဆုံးတာဝန်ယူခဲ့ပေမယ့်  ဝုဖ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီနွေရာသီမှာ နာပိုလီကနေ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာခဲ့တဲ့ ဗဟိုခံစစ်ကစားသမား ကူလီဘာလီ က ချဲလ်ဆီးအသင်းသားတွေရဲ့ ခံစားချက်ကို ပြောင်းလဲဖို့ လမ်းပတ်က လုပ်ဆောင်ခဲ့တာတွေကို ရှင်းပြခဲ့ပါတယ်။

"မန်နေဂျာတွေကို ပြောင်းလိုက်တဲ့အခါ တစ်နေရာရာမှာ ကျရှုံးသွားသလိုပါပဲ။ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်ရမယ်၊ ကျွန်တော်တို့ရှိသမျှအားအင်တွေ အကုန်ပေးမယ်။ ကျွန်တော်တို့ရဲ့ မန်နေဂျာအသစ်က ကြီးကျယ်ခမ်းနားတဲ့ ဂန္ထဝင်တစ်ယောက်ပါ၊ ဒါကြောင့် သူ့နောက်မှာ ရှိနေရပါမယ်။ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တယ် ဆိုတာ ကျွန်တော်တို့သိပါတယ်။

လမ်းပတ်က ကောင်းမွန်တဲ့ မိန့်ခွန်းတစ်ရပ်ကို ပြောဆိုခဲ့ပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းကိုသူ စကားပြောဖို့ ကြိုးစားခဲ့ပြီး လူတိုင်း ကလည်းပါဝင်ပတ်သက်ခဲ့ပါတယ်။

အသင်းမှာ ကျွန်တော်တို့လိုမျိုးကစားသမားတွေ အများကြီးရှိနေပြီး သူ့အတွက် ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် သူက တကယ်ကို စိတ်အားထက်ထက်သန်သန်နဲ့ ကျွန်တော်တို့ကို တကယ်ကို တွန်းအားပေးခဲ့ပါတယ်။" လို့ ကူလီဘာလီ ကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲစက်တင်ဘာလတုန်းကလည်း တူချယ်ရဲ့နေရာမှာ အစားထိုးခဲ့တဲ့ နည်းပြဟောင်း ဂရေဟမ်ပေါ်တာကိုလည်း ကူလီဘာလီက ချီးမွမ်းခဲ့ပါသေးတယ်။

'ကျွန်တော် သူ့ဆီ စာတစ်စောင်ပို့ခဲ့တယ်။ သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်။ နာပိုလီမှာ ရှစ်နှစ်လောက်နေပြီးနောက်မှာ နိုင်ငံပြောင်းပြီး အရာအားလုံးကို ပြောင်းရွေ့ဖို့ အစပိုင်းမှာတော့ ကျွန်တော့်အတွက် ခက်ခဲခဲ့တဲ့အချိန်မှာ ကူညီခဲ့တဲ့ ဂရေဟမ်ပေါ်တာကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ အနာဂတ်တွေ ရှိနေမှာပါ။" ဟု ကူလီဘာလီက ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ကူလီဘာလီ သည် ယခုရာသီတွင် ချဲလ်ဆီးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၃၀ ကစားထားပြီး သူ၏စွမ်းဆောင်ရည်များအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော်က ၁၀၀% မရောက်သေးတာသိပေမယ့် ကျွန်တော့်အဆင့်တစ်ခုကို ရောက်နေပြီလို့ ထင်ပါတယ်။ ချဲလ်ဆီးအသင်းက ကျွန်တော့်ကို ပေါင် ၃၃ သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တာကြောင့် ထိုက်တန်တဲ့ခြေစွမ်းကိုပြန်ပေးချင်တဲ့  ကြီးမားတဲ့ဆန္ဒတစ်ခု ကျွန်တော့်ဆီမှာရှိပါတယ်။ ကျွန်တော် ဒီကလပ်မှာ နှစ်ပေါင်းများစွာ ပါဝင်ချင်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဒီရာသီက မျှော်လင့်စရာကောင်းတဲ့ နှစ်မဟုတ်ပေမယ့် တစ်ခါတလေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပိုင်ရှင်အသစ်တွေနဲ့ အသင်းဟားတစ်ဝက်က အသစ်ဖြစ်နေတဲ့အခါ လူတိုင်းက လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါမယ်။ ဒါပေမယ့် ဒီမှာ ရည်မှန်းချက်က ဘယ်လောက်ကြီးလဲဆိုတာ ကျွန်တော်တို့သိပြီး အားပေးတဲ့ ပရိတ်သတ်တွေရဲ့ ယုံကြည်မှုကို ပြန်ရအောင် လုပ်သွားပါမယ်။" လို့ကူလီဘာလီက ထပ်မံပြောကြားသွားခဲ့ပါတယ်။

#ကူလီဘာေလ #ချဲလ်ဆီး #လမ်းပတ်