ရှေ့သို့
Image

ကာမာဗင်ဂါကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

4:45 PM, 8 April

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်ကစားသမား အက်ဒွာဒိုကာမာဗင်ဂါကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ၂၀၂၁ တုန်းက ရန်းနက်စ်ကနေ ပြောင်းရွှေ့လာတဲ့ ကာမာဗင်ဂါဟာ ၈၄ ပွဲ ကစားခဲ့ပြီး ၂ ဂိုးသွင်း ၅ ဂိုးဖန်တီးထားခဲ့ပါတယ်။ 

ပြင်သစ်သားဟာ ဗဟိုကွင်းလယ်လူအဖြစ် အဓိကကစားလျက်ရှိပေမယ့် နေရာစုံမှာ ကစားနိုင်တာကြောင့် နည်းပြကားလို့စ်အန်ဆယ်လော့တီရဲ့ အသင်းမှာ ဒီရာသီအရေးအပါဆုံး ကစားသမားဖြစ်နေပါတယ်။ ကာမာဗင်ဂါဟာ ကိုပါဒယ်ရေးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်အပါအဝင် ဒီရာသီမှာ ဘယ်နောက်ခံလူအနေနဲ့လည်း ပွဲတစ်ချို့ကစားခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလား ၅ လုံးထိ ပိုင်ဆိုင်ထားပြီး ၂၀၂၇ ထိလည်း စာချုပ်သက်တမ်း ရှိနေပါတယ်။ 

လက်ရှိစာချုပ်အရ ၄ နှစ်ကျန်သေးပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ ပိုကောင်းတဲ့ စာချုပ်သစ်တစ်ခုကို ရီးရဲလ်ဘက်က ကမ်းလှမ်းဖို့ရှိကြောင်း ဖာဘရီဇီယိုရိုမာနိုက ပြောခဲ့ပါတယ်။ ကာမာဗင်ဂါဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက အာဆင်နယ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့သလို မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားမှုပြသခဲ့ပါတယ်။ ဒါပေမယ့် ဥရောပချန်ပီယံအသင်းကြီးကတော့ ပြင်သစ်လက်ရွေးစင်လေးဟာ ရောင်းဖို့မဟုတ်ပဲ ထိလို့မရတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ 

ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ဟာ ကာမာဗင်ဂါရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး အနာဂတ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်ထားပါတယ်။ တိုနီခရူးစ်၊ လူကာမိုဒရစ်တို့ နောက် ၂ နှစ်နေရင် အသင်းကနေ ထွက်ခွာနိုင်တာကြောင့် ကာမာဗင်ဂါရဲ့ အရေးပါမှုက ပိုပြီးတော့ ကြီးမားလာဖို့ ရှိနေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ကာမာဗင်ဂါ