ရှေ့သို့
Image

ဘရုဂျက် အသင်းရဲ့နည်းပြသစ် စာရင်းထဲမှာ ပါဝင်နေတဲ့ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှား

2:16 PM, 7 April

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားဟာ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်စ်ရဲ့ နည်းပြသစ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ဘရုဂျက်ဟာ မတ်လက နည်းပြစကော့ပါကားကို ထုတ်ပယ်ခဲ့ပြီးနောက် တစ်လကျော်နီးပါး နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ ဘုန်းမောက်နည်းပြဟောင်း ပါကားကတော့ အသင်းကို ၁၂ ပွဲသာ တာဝန်ယူခွင့်ရရှိခဲ့တာပါ။ ဆိုးလ်ရှားကတော့ ၂၀၂၁ နိုဝင်ဘာမှာ မန်ချက်စတာယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းထောက် ဆာချာတာဗိုလီယာရီရဲ့ အဆိုအရ နော်ဝေသားနည်းပြဟာ ဘရုဂျက်အသင်း စာရင်းလုပ်ထားတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ နည်းပြဆိုလ်ရှားသာ ဘရုဂျက်နည်းပြ ရာထူးကို စိတ်ဝင်စားခဲ့မယ်ဆိုရင်တော့ မတ်လကုန်ပိုင်းက ဘိုင်ယန်မြူးနစ်ကနေ နည်းပြ ဂျူလီယန်နာဂျယ်စ်မန်းနဲ့ အတူ ထွက်ခွာလာတဲ့ လက်ထောက်နည်းပြ ဒီနိုတော့ပ်မိုလာနဲ့ ပြိုင်ဆိုင်ရဖွယ် ရှိပါတယ်။

ဆဲလ်တစ်နည်းပြဟောင်း ရွန်နီဒီရယ်လာကလည်း လက်ရှိအသင်း စတန်းဒက်လီဂီနဲ့ အနာဂတ် မရေမရာဖြစ်နေပြီး ဘရုဂျက်နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဘရုဂျက်ရဲ့ ရလဒ်တွေက တက်လိုက်ကျလိုက်နဲ့ မတည်မငြိမ်ဖြစ်ခဲ့ပြီး နည်းပြဟော့ဖ်ကန် လက်ထက်တုန်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပါကာလက်ထက်မှာတော့ ရလဒ်တွေဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘင်ဖီကာကို နှစ်ကျော့ပေါင်း ၇-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကျော့ ၅-၁ နဲ့ လစ္စဘွန်းမြို့မှာ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်ကတော့ ပါကာရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် ပြည်တွင်းချန်ပီယံဖြစ်ခဲ့တဲ့ ဘရုဂျက်ဟာ ၁၆ နှစ်အတွင်း အဆိုးရွားဆုံး ရာသီကို ကြုံတွေ့နေရသလို လက်ရှိဘယ်လ်ဂျီယံပြည်တွင်းလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့် ၄ အပြင်ဘက်မှာ ရပ်တည်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဘရုဂျက် #ပရီးမီးယားလိဂ် #စကော့ပါကား