ရှေ့သို့
Image

ဂရေဟမ်ပေါ်တာထွက်ခွာပြီးနောက် ချဲလ်ဆီးနည်းပြဖြစ်လာတဲ့ လမ်းပတ်

8:34 AM, 7 April

ချဲလ်ဆီးအသင်းကတော့ လမ်းပတ်ကို နည်းပြသစ်အဖြစ် အံ့အားသင့်ဖွယ် ခန့်အပ်လိုက်ပါတယ်။ ချဲလ်ဆီးဂန္ထဝင်ဟောင်းဟာ ပေါ်တာအထုတ်ခံခဲ့ရပြီးနောက် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်မှာဖြစ်ပါတယ်။

အသက် ၄၄ နှစ်သားဟာ ကြာသပတေးနေ့တုန်းက စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပြီး စနေနေ့ ဝုဗ်နဲ့ပွဲကို စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။

“လမ်းပတ်ကို အသင်းနည်းပြအဖြစ် ကြိုဆိုခွင့်ရလို့ ဝမ်းသာမိပါတယ်။ ဖရန့်က PL Hall of Fame ကစားသမားဖြစ်သလို အသင်းရဲ့ဂန္ထဝင်လည်းဖြစ်ပါတယ်။ နည်းပြမခန့်အပ်ခင်မှာ လမ်းပတ်က အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ 

လမ်းပတ်မှာ အသင်းကို မောင်းနှင်နိုင်တဲ့အရည်အချင်းအားလုံးရှိပါတယ်။ ပြီးတော့ စနေနေ့ ဝုဗ်နဲ့ပွဲက အရေးကြီးသလို မက်ဒရစ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကလည်း အရေးကြီးပါတယ်။ 

ဖရန့်ကို အားလံုံးပေးထားပြီး သူက လက်ကျန်ပွဲတွေကို အကောင်းဆုံးကိုင်တွယ်ပါလိမ့်မယ်”လို့ ဘိုဟီလေက ပြောကြားခဲ့ပါတယ်။

လမ်းပတ်နဲ့အတူ အက်ဒ်ဝါ့တ် နဲ့ အက်ရှ်လေကိုးလ်တို့ပါလာမှာဖြစ်ပြီး ဘရူနိုဆယ်လ်တာကတော့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

လမ်းပတ်ဟာ ၂၀၂၁ ဇန်နဝါရီတုန်းက ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရတာဖြစ်ပြီး အခုတော့ ပေါ်တာနေရာမှာ ယာယီနည်းပြအဖြစ် အစားဝင်မှာဖြစ်ပါတယ်။

ပထမကိုင်တွယ်ခဲ့တဲ့ ၁၈ လမှာတော့ လမ်းပတ်ဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ချီးကျူးမှုတွေရခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ရလဒ်တွေဆိုးဝါးခဲ့တာကြောင့် အထုတ်ခံခဲ့ရပါတယ်။

ချဲလ်ဆီးကနေ ထွက်ခွာပြီးနောက် အဲဗာတန်ကို ၁ နှစ်ကိုင်တွယ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၉ ပွဲအရေးနိမ့်ခဲ့တာကြောင့် ၂၀၂၃ ဇန်နဝါရီတုန်းက အထုတ်ခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာ အမြဲတမ်းနည်းပြနေရာအတွက် အင်းနရစ် ၊ နာဂယ်စမန်းတို့နဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်