ရှေ့သို့
Image

ဖရိုင်းဘတ်ကို အရေးနိမ့်ပြီးနောက် အသင်းကစားသမားတွေကို တူချယ် ဝေဖန်

11:53 AM, 6 April

ဘိုင်ယန်နည်းပြ တူချယ်က ဖရိုင်းဘတ်ကို အရေးနိမ့်ခဲ့ပြီး ဂျာမန်ပိုကယ်ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းသားတွေကို ဝေဖန်ပြောကြားလိုက်ပါတယ်။ တူချယ်ဟာ ပြီးခဲ့တဲ့အပတ်က အထုတ်ခံခဲ့ရတဲ့ နာဂယ်စမန်းနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး သူ့အသင်းက ဂျာမန်ပိုကယ်ဖလားမှာ ဖရိုင်းဘတ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အူပါမီကာနိုက ပွဲကစားချိန် ၁၉ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နီကိုးလက်စ်ဟိုဖလာက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။  အဲ့နောက် မူစီယာလာရဲ့ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဟိုဖလာကပဲ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

တူချယ်က ဒေါ့မွန်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ခြေချော်ခဲ့တဲ့အတွက် အသင်းသားတွေကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်သားက မိမိတို့အသင်းဟာ တည်ငြိမ်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ပြတ်လပ်ခဲ့တယ်လို့ ဆိုခဲ့ပြီး အဲ့တာကပဲ ဖရိုင်းဘတ်ကို အလွယ်တကူအနိုင်ရစေခဲ့တယ်လို့ ဆိုပါတယ်။

“ဧရိယာထဲမှာ ခေါင်းတိုက်မှု ၂ ကြိမ် ဆုံးရှုံးခဲ့ပါတယ်။ နောက်ဆုံးမိနစ်မှာပါ။ အသင်းကစားသမားတွေအနေနဲ့ ပိုပြီး တည်ငြိမ်သင့်ပါတယ်။ ခေါင်းတိုက်မှု ၂ ကြိမ်အပြင် ပထမဆုံးဘောလုံး ၊ ဒုတိယဘောလုံး နဲ့ တတိယဘောလုံး နောက်ဆုံးမိနစ် ဧရိယာထဲမှာ ဘောလုံးတွေအရမ်းများပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တူချယ်က ပွဲအပြီးမှာ မူစီယာလာရဲ့အပြုအမူကို ဝေဖန်ခဲ့ပါတယ်။ “ဒီလိုအချိန်မျိုးမှာ ၁၆ နှစ်သားလို ခုန်နေလို့မရပါဘူး။ ဒီလိုလုပ်နေလို့မရပါဘူး။ ရူးမိုက်တဲ့စိန်ခေါ်မှုကို ယူလိုက်တာပါ”လို့ တူချယ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဖရိုင်းဘတ်ကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီဖလား ၃ လုံးအိပ်မက်က အဆုံးသတ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ နဲ့ ချန်ပီယံလိဂ်သာ ကျန်တော့တာဖြစ်ပါတယ်။ ဖရိုင်းဘတ်ကတော့ ဂျာမန်ပိုကယ်ဖလားဆီမီးဖိုင်နယ်ကို ဖရန့်ဖတ်ပြီးနောက် ဒုတိယမြောက်တက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်လာပါတယ်။

#ဖရိုင်းဘတ် #တူချယ် #ဘိုင်ယန်မြူးနစ် #ဂျာမန်ပိုကယ်ဖလား