ရှေ့သို့
Image

လီဗာပူးရဲ့စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်မှုရှိနေဖို့ လိုအပ်တယ်လို့ ဝန်ခံလိုက်တဲ့ ဂတ်ပို

9:05 AM, 2 April

လီဗာပူးတိုက်စစ်မှူးဂတ်ပိုက အန်ဖီးလ်ကလပ်ရဲ့စွမ်းဆောင်ရည်ပိုင်းဟာ တည်ငြိမ်မှုရှိနေဖို့ လိုအပ်တယ်လို့ မနေ့ညနေပိုင်း၊ မန်စီးတီးကို ဂိုးပြတ်အရေးနိမ့်တဲ့ပွဲစဉ်အပြီးမှာ ဝန်ခံပြောဆိုပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးက မိုဆာလက်ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ခွင့်ရရှိခဲ့ပေမယ့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ အယ်လ်ဗာရက်ဇ်က မန်စီးတီးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်ပြန်လည်စတင်ပြီး မကြာခင်မှာပဲ ဒီဘရိုင်းက မန်စီးတီးအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သလို ဂန်ဒိုဂန်နဲ့ ဂရီးလစ်ချ်တို့ကလည်း အနိုင်သေချာစေမယ့် သွင်းဂိုးတွေ ရယူပေးခဲ့လို့ ပွဲပြီးချိန်မှာ အိမ်ရှင်မန်စီးတီးက ဧည့်သည်လီဗာပူးကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ်အပြီး ဂတ်ပိုက “အခုရှုံးပွဲနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိတ်ပျက်နေတယ်ဆိုတာ ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ်ဘာလုပ်နိုင်သလဲဆိုတာ ကောင်းကောင်းသိထားပြီး ဒါကို မလုပ်နိုင်ချိန် ပွဲကို အရေးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး စိတ်ပျက်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းပွဲချိန်စစချင်းပဲ ပေးဂိုးနှစ်ဂိုးကို အလျှင်အမြန်ခွင့်ပြုပေးခဲ့တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဒီလိုအခြေအနေတွေက ပွဲဆီပြန်လာနိုင်ဖို့ ခက်ခဲစေပါတယ်။ ဒီအနေအထားတွေအပေါ် ပြန်လည်သုံးသပ်ပြီး ဘယ်လိုတိုးတက်လာအောင် လုပ်ရမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။

မန်စီးတီးက ခြေစွမ်းပိုင်းကောင်းမွန်တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့ကလည်း အသင်းကောင်းတစ်ခုဖြစ်တယ်ဆိုတာ ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်မှုရှိနေဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ လီဗာပူးက အမှတ်ပေးဇယားအဆင့်-၈ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်ကစားရဖို့ ရှိပါတယ်။

#လီဗာပူး #မန်စီးတီး #ကလော့ပ် #ဂတ်ပို #ပရီးမီးယားလိဂ်