ရှေ့သို့
Image

ပြိုင်ဘက်စကော့တလန်ရဲ့နည်းဗျူဟာပိုင်းအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ စပိန်အသင်းခေါင်းဆောင် ရိုဒရီ

3:17 PM, 29 March

ဒီနေ့မနက်ပိုင်း၊ ဂလပ်စကိုမြို့၊ဟမ့်ဒင်ပတ်ကွင်းမှာ ကစားတဲ့ စကော့တလန်-စပိန်ပွဲစဉ်မှာ အိမ်ရှင်တွေက ကွင်းလယ်လူတိုမီနေးရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ စပိန်ကို အံ့ဖွယ်အနိုင်ယူကာ ယူရိုခြေစစ်ပွဲအုပ်စု(A)ရဲ့ အုပ်စုထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်အပြီး စပိန်အသင်းခေါင်ဆောင်ရိုဒရီက စကော့တလန်အသင်းဟာ အချိန်ဆွဲ၊ရန်စတဲ့ပုံစံ ကစားခဲ့တယ်လို့ ပြိုင်ဘက်ရဲ့ပွဲချဉ်းကပ်ပုံဗျူဟာပိုင်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

Viaplay Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ရိုဒရီက “ဒါက သူတို့ကစားပုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့က အမြဲတမ်း အချိန်ဆွဲနေတာကြောင့် ကျွန်တော့်အတွက်တော့ တော်တော်ဆိုးရွားတဲ့ကစားပုံပါပဲ။ သူတို့က ရန်စတယ်၊ ပြီးရင် အမြဲတမ်း ကွင်းထဲမှာ လဲကျနေတယ်။ ကျွန်တော့်အတွက်တော့ ဒါက ဘောလုံးအားကစားမဟုတ်ပါဘူး။ ပွဲကို လျှင်လျှင်မြန်မြန်ကစားရမှာဆိုပေမယ့် ဒီအပိုင်းမှာ ကွင်းလယ်ဒိုင်ကလည်း ပါဝင်ပတ်သက်ရပါမယ်။ ဒါပေမယ့် သူက ဘာမှမပြောခဲ့ပါဘူး။ ကျွန်တော်တို့ အနိုင်ရလဒ်လိုချင်ခဲ့တာကြောင့် ဒီရလဒ်ပိုင်းက တကယ့်ကိုစိတ်ပျက်စရာပါ။ စကော့တလန်က အချိန်ဖြုန်းကစားခဲ့တာကြောင့် ဒီပွဲစဉ်က ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးသွားပါပြီ။ သူတို့ကလည်း သူတို့နည်းလမ်းကစားခဲ့သလို ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်နည်းလမ်းရှိပါတယ်။ လာမယ့်ပွဲစဉ်တွေအတွက် သင်ယူသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

စပိန်အသင်းဟာ ပြိုင်ဘက်ရဲ့အလွယ်တကူကျော်ဖြတ်မှုကို ခံခဲ့ရသလားဆိုတဲ့မေးခွန်းအပေါ် ကွင်းလယ်လူက “မဟုတ်ပါဘူး။ ကျွန်တော်တို့က တိုက်ပွဲဝင်ချင်ခဲ့တာပါ။ ကျွန်တော်တို့ အမြဲတမ်းတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တိုက်ပွဲဆိုတာမရှိဘူး။ ဒီနေရာမှာ ကစားသမားလေးငါးယောက်လောက် ကွင်းထဲမှာလဲကျပြီး အချိန်ဖြုန်းနေတာပဲ ရှိနေတယ်။ ဒီလိုမျိုးအခြေအနေတွေပါ”လို့  ဆက်ပြောခဲ့ပါတယ်။ တဖက်မှာတော့ စကော့တလန်ဟီရိုးတိုမီနေးက ဒီပွဲစဉ်မှာ နှစ်သင်းလုံးအားကုန်ထုတ် ကြိုးစားခဲ့ပေမယ့် နှစ်သင်းစလုံးဟာ အရမ်းတော့ရိုးသားခဲ့တာမျိုးမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုလာပါတယ်။

တိုမီနေးက “ကျွန်တော့်အမြင်အရတော့ နှစ်သင်းလုံးရဲ့ကစားသမားတိုင်းက ကွင်းထဲမှာ ဒိုင်ဗင်ထိုးပြီး ပွဲကို နှေးကွေးအောင် လုပ်ခဲ့ပါတယ်။ နှစ်သင်းစလုံးမှာ ပြစ်ဒဏ်ကျူးလွန်မှုတွေ အနည်းငယ်ရှိခဲ့လို့ တကယ့်ကို သန့်ရှင်းလွန်းတဲ့ ပွဲစဉ်တစ်ခုတော့ မဖြစ်လာခဲ့ပါဘူး။ လူတိုင်းက သူတို့လုပ်လို့ရသလောက် အကုန်လျှောက်လုပ်နေတာကြောင့် ကွင်းလယ်ဒိုင်အတွက်လည်း ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးရထားတာကို ထိန်းထားချင်တယ်ဆိုရင် တခါတလေမှာ ဒီလိုပဲ လုပ်ရလေ့ရှိပါတယ်။ ကွင်းထဲကိုလည်း ကြည့်လိုက်ပါဦး၊ အားပေးမှုတွေက တကယ့်ကို ခမ်းနားလွန်းပါတယ်။ ကျွန်တော် ဒီလိုအားပေးမှုပုံစံမျိုးကို မမြင်တွေ့ဖူးပါဘူး”လို့ ဆိုပါတယ်။

#ရိုဒရီ #စပိန် #စကော့တလန် ယူရို၂၀၂၄ခြေစစ်ပွဲ