ရှေ့သို့
Image

ဘယ်လ်ဂျီယံကို အရေးနိမ့်တဲ့ပွဲစဉ်မှာ ဘာတွေမှားယွင်းခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဟန်စီဖလစ်ခ်

2:58 PM, 29 March

၁၉၅၄ ခုနှစ်နောက်ပိုင်း ဘယ်လ်ဂျီယံက ဂျာမနီကို ပထမဆုံးအကြိမ်အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဂျာမနီရဲ့ တွန့်ဆုတ်တွေဝေနေတဲ့ စွမ်းဆောင်ရည်အပေါ် ပြိုင်ဘက်က အကောင်းဆုံး အသုံးချသွားတယ်လို့ ပွဲအပြီးမှာ ဂျာမနီနည်းပြဟန်စီဖလစ်ခ်က မချိတင်ကဲပြောဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ ဘယ်လ်ဂျီယံအတွက် ကာရက်စ်ကို၊ လူကာကူတို့က ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးခင်မှာ အိမ်ရှင်ဂျာမနီအတွက် ဖူးခရက်က ချေပဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာတော့ ဒီဘရိုင်းက ဘယ်လ်ဂျီယံအတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကို ရှာဖွေပေးခဲ့သလို ဂါနာဘရီကလည်း ဂျာမနီအသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို ရယူပေးနိုင်ခဲ့လို့ ပွဲပြီးဆုံးချိန်မှာ ဂျာမနီ ၂-၃ ဘယ်လ်ဂျီယံဆိုတဲ့ ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။

အခုပွဲစဉ်အပြီး RTL သတင်းဌာနနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ကျွန်တော်တို့အသင်း အနေနဲ့ အရမ်းကို သတိလွန်ကဲနေခဲ့သလို တွန့်ဆုတ်တွေဝေနေခဲ့ပါတယ်။ ပြိုင်ဘက်ကိုလည်း ဖိအားတွေအောက် မရောက်စေခဲ့ပါဘူး။ ဘယ်လ်ဂျီယံကတော့ ဒီအချက်ကို အကောင်းဆုံး အသုံးချသွားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့စိတ်ဓါတ်ပိုင်းက ပွဲစဉ်ဆီ အသင်းကို ပြန်ခေါ်ယူခဲ့ပေမယ့် ရလဒ်ကောင်းတစ်ခုရရှိစေဖို့အထိတော့ မလုံလောက်ခဲ့ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပခွင့်ရရှိထားတဲ့ ဂျာမနီလက်ရွေးစင်အသင်း အနေနဲ့ လာမယ့်ကာလတွေအတွင်း သူတို့ရဲ့နိုင်ငံတကာခြေစမ်းပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း တိုးတက်လာစေရေး လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။

#ဂျာမနီ #ဖလစ်ခ် #ဘယ်လ်ဂျီယံ