ရှေ့သို့
Image

ကွန်တီ ထွက်ခွာရမှုအပေါ် တာဝန်မကင်းသလိုခံစားရတယ်လို့ ထုတ်ပြောလာတဲ့ ဆွန်ဟောင်မင်

2:46 PM, 29 March

တော့တင်ဟမ်နည်းပြရာထူးမှ ကွန်တီ ထွက်ခွာရမှုနဲ့ ပတ်သက်လို့ တိုက်စစ်မှူးဆွန်ဟောင်မင် စိတ်မသက်မသာဖြစ်နေပြီး သူ့အနေနဲ့ အီတာလျံနည်းပြလက်အောက်မှာ ဒီထက်ပိုပြီး ခြေစွမ်းပြနိုင်ခဲ့သင့်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

တော့တင်ဟမ်နဲ့ နည်းပြကွန်တီတို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာပဲ နှစ်ဖက်သဘောတူညီမှုအရ တရားဝင်လမ်းခွဲခဲ့ကြပြီး ကွန်တီရဲ့လက်ထောက် စတယ်လီနီကို အခုရာသီကုန်အထိ အသင်းယာယီနည်းပြအဖြစ် တော့တင်ဟမ်အကြီးအကဲတွေက ခန့်အပ်ခဲ့ပါတယ်။

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်းက သူ့အပေါ်ထောက်ခံအားပေးခဲ့တဲ့ မြောက်လန်ဒန်ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တဖက်မှာလည်း ဆွန်ဟောင်မင်ရဲ့အသင်းဖော် ကူလူဆက်ဗ်စကီးက ကွန်တီထွက်ခွာရမှုအပေါ် ဝမ်းနည်းမိကြောင်း ပြောဆိုခဲ့ပေမယ့် ရှေ့ဆက်ဖို့ လိုအပ်နေမှုကိုလည်း အလေးပေးပြောဆိုခဲ့ပါတယ်။

ဥရုဂွေးကို ၂-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ ခြေစမ်းပွဲစဉ်အပြီး ဆွန်ဟောင်မင်က “ကွန်တီအတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ သူက ကမ္ဘာ့အဆင့်နည်းပြတစ်ဦးဖြစ်ပြီး ကျွန်တော်တို့နဲ့အတူ ကြီးကျယ်တဲ့ ခရီးလမ်းတွေကို လျှောက်လှမ်းပေးခဲ့လို့ ကျွန်တော် သူ့အပေါ် ကျေးဇူးတင်မိပါတယ်။ အခြားကစားသမားတွေ အနေနဲ့ ကွန်တီအပေါ် ဘယ်လိုမျိုးတွေးတောနေမလဲဆိုတာ ကျွန်တော်မသိပေမယ့် ကျွန်တော့်အနေနဲ့ သူ့အတွက် အတော်လေး ဝမ်းနည်းမိပါတယ်။ သူ့လက်အောက်မှာ ဒီထက်ပိုပြီးခြေစွမ်းပြသနိုင်ခဲ့သင့်ပေမယ့် ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး။ အသင်းကိုလည်း အကူအညီမပေးနိုင်ခဲ့ဘူး။ ကျွန်တော့်အနေနဲ့ ကွန်တီ ထွက်ခွာရမှုအပေါ် တာဝန်မကင်းသလို ခံစားရပါတယ်။ ကွန်တီက နည်းပြတစ်ယောက်အဖြစ် အရည်အချင်းကောင်းတွေနဲ့ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး သူ့ရဲ့အနာဂတ်ကာလမှာ အောင်မြင်မှုတွေ ကြီးကြီးမားမားရရှိလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ တော့တင်ဟမ်ဆီ ကျွန်တော် ပြန်ရောက်လာရင်လည်း ကျွန်တော်တို့ကလပ်အတွက် အသင်းဖော်တွေနဲ့အတူ အကောင်းဆုံးပုံစံနဲ့ ရာသီသိမ်းနိုင်ဖို့ ဆန္ဒရှိနေပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မိုဆာလက်နဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုပူးတွဲရရှိခဲ့တဲ့ ဆွန်ဟောင်မင်ဟာ အခုရာသီမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးသာ သွင်းယူထားနိုင်ပြီး ပုံစံကောင်းရရှိဖို့ ရုန်းကန်နေရပါတယ်။ လက်ရှိမှာ တော့တင်ဟမ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်လေးနေရာမှာ ရပ်တည်နေပေမယ့် ရာသီကုန်လက်ကျန်ပွဲစဉ်တွေမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ်၊ လီဗာပူး၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်ကစားရမယ့် ပွဲကျပ်တွေ ရှိနေပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ဆွန်ဟောင်မင် #ပရီးမီးယားလိဂ်