ရှေ့သို့
Image

မမေ့နိုင်စရာအားပေးမှုတွေအတွက် တော့တင်ဟမ် ပရိသတ်တွေကို ကွန်တီ ကျေးဇူးတင်စကားဆို

2:57 PM, 28 March

တော့တင်ဟမ်နည်းပြရာထူးမှ ထွက်ခွာပြီးနောက် ကွန်တီက အသင်းဟောင်း တော့တင်ဟမ် ပရိသတ်တွေရဲ့ မမေ့နိုင်စရာအားပေးထောက်ခံမှုတွေအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း သူ့ရဲ့တိတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်ပါတယ်။ ဆောက်သမ်တန်နဲ့ သုံးဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ဝရုန်းသုန်းကားအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နည်းပြကွန်တီနဲ့ တော့တင်ဟမ်အသင်းတို့က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာပဲ နှစ်ဖက်သဘောတူညီမှုအရ လမ်းခွဲခဲ့ကြပါတယ်။

ဆောက်သမ်တန်နဲ့ပွဲစဉ်အပြီး ကွန်တီက တော့တင်ဟမ် ကစားသမားတွေဟာ တကိုယ်ကောင်းဆန်သူတွေပဲလို့ ဝေဖန်ခဲ့သလို အသင်းဥက္ကဋ္ဌလီဗိုင်းရဲ့လက်ထက်မှာ ဆုဖလားအောင်မြင်မှုနဲ့ဝေးကွာနေရမှုအပေါ် မေးခွန်းထုတ်ခဲ့ပြန်ပါတယ်။ အခုလိုပြောဆိုမှုတွေကြောင့်ပဲ ကွန်တီဟာ သူ့ရဲ့ရာထူးကို စွန့်လွှတ်ခဲ့ရတာပါ။

အသင်း တာဝန်ရှိသူတွေကလည်း နည်းပြကွန်တီရဲ့နေရာမှာ လက်ထောက်နည်းပြစတယ်လီနီကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ပြီး နှစ်ရာသီဆက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယမန်နေ့(တနင်္လာနေ့)မှာ ကွန်တီက Instagram လူမှုကွန်ရက်မှတဆင့် တော့တင်ဟမ်အသင်းနဲ့ အသင်းပရိသတ်တွေဆီ ကျေးဇူးတင်စကား ပေးပို့ခဲ့ပါတယ်။

ကွန်တီက “ဘောလုံးအားကစားဆိုတာ စိတ်ဓါတ်ပိုင်းနဲ့ သက်ဆိုင်ပါတယ်။ နည်းပြတစ်ဦးအဖြစ် ကျွန်တော့်ရဲ့စိတ်ဓါတ်ပိုင်း၊ ကျွန်တော့်ရဲ့စိတ်အားထက်သန်မှုတွေအပေါ် မျှဝေခံစား၊ အသိအမှတ်ပြုပေးခဲ့တဲ့ တော့တင်ဟမ်ပရိသတ်တွေကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်တော့်အပေါ် တန်ဖိုးထားသလို အာပေးထောက်ခံမှုတွေ အမြဲတမ်းပြသခဲ့တဲ့ ပရိသတ်တွေကို အထူးအမှတ်တရရှိနေပါတယ်။ ကျွန်တော့်နာမည်ကို အော်ဟစ်သီဆိုနေတဲ့ သူတို့ရဲ့တေးသံတွေကလည်း မမေ့နိုင်စရာအားပေးမှုတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ခရီးလမ်းကို အတူတကွပဲ အဆုံးသတ်ခဲ့ပါတယ်။ အနာဂတ်မှာ ကံကောင်းကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်”လို့ ပြောပါတယ်။

ကွန်တီခေတ်လွန် တော့တင်ဟမ်အသင်းရဲ့ပထမဆုံးစိန်ခေါ်မှုကတော့ ဧပြီ ၃ ရက်၊ ဂွတ်ဒီဆင်ပါတ်ခ်ကွင်းမှာ အဲဗာတန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး ဒီပွဲစဉ်က ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်နေရာရရှိဖို့အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်နေပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ်