ရှေ့သို့
Image

ဝရက်စ်ဟမ်းနဲ့ ယူနိုက်တက်ခြေစမ်းပွဲကို ဆာအဲလက်စ်ဖာဂူဆန်နဲ့ အတူ ကြေညာခဲ့တဲ့ ရိုင်ယန်ရေးနိုးလ်

1:09 PM, 28 March

နာမည်ကျော်ဟောလိဝုဒ်မင်းသား ရိုင်ယန်ရေးနိုးနဲ့ ရော့ဘ်အယ်ဟန်နေးတို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ ဝရက်စ်ဟမ်းအသင်းဟာ မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ ထူးထူးခြားခြား ပရိုမိုးရှင်း ဗီဒီယိုတစ်ခုကို တင်ဆက်သွားခဲ့ပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့ တနင်္လာနေ့မှာ Snapdragon ကွင်းထဲမှာ လူငယ်ကစားသမား အများစုပါဝင်မယ့် ယူနိုက်တက်နဲ့ ဝရက်စ်ဟမ်းတို့ ခြေစမ်းပွဲအဖြစ် ကစားကြမှာ ဖြစ်ပါတယ်။

ဝေးလ်ကလပ်ရဲ့ တွစ်တာမှာ “အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ ခြေစမ်းပွဲ ကစားဖို့ရှိနေပါတယ်။ ဆန်ဒီယေဂိုမြို့က Snapdragon ကွင်းကြီးထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ခြေစမ်းပွဲဟာ လုံးဝကို အမှတ်ရနေစေမယ့် ပွဲတစ်ခုဖြစ်လာမှာပါ”လို့ ရေးထားခဲ့ပါတယ်။

ရေးနိုးလ်နဲ့ မက်အယ်ဟန်နေးတို့ဟာ ၂၀၂၀ နိုဝင်ဘာမှာ ဝရက်စ်ဟမ်းအသင်းကို ဒေါ်လာ ၂.၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဖာဂူဆန်နဲ့အတူ ရိုက်ကူးထားတဲ့ သူတို့ရဲ့ခြေစမ်းပွဲ ပရိုမိုးရှင်းဗီဒီယိုကို အသင်းရဲ့ တရားဝင်တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။ ဗီဒီယိုစစချင်မှာ ဝရက်စ်ဟမ်းအသင်းပိုင်ရှင် နှစ်ဦးဟာ ယူနိုက်တက်ဂန္တဝင်နည်းပြကြီးနဲ့ ဗီဒီယိုကောပြောဖို့အတွက် စိုးရိမ်စွာနဲ့စောင့်နေဟန်ကို ပြစခဲ့ပါတယ်။

မက်အယ်ဟန်နေးကစတင်ပြီး “ငါတို့ ဆာအဲလက်စ်ဖာဂူဆန်ကြီးနဲ့ စကားပြောရတော့မယ်ဆိုတာကို မယုံနိုင်ဘူး။ သူက အကြီးကျယ်အခမ်းနားဆုံး ဘောလုံးနည်းပြတစ်ဦးနော်။ ပရီးမီးယားလိဂ်ကို ၁၃ ကြိမ်တောင် ရထားတာ”ဆိုပြီး ပြောခဲ့ပါတယ်။ တကယ်တမ်း ဖာဂူဆန်ပေါ်လာချိန်မှာတော့ သူတို့နှစ်ယောက် ဘယ်လောက်ပဲ စကားတွေပြောပြော ဆာအဲလက်စ်က ဘယ်တုန့်ပြန်မှုမှ မပြုလုပ်ပဲ ခပ်တည်တည်ကြီးသာ ကြည့်နေခဲ့ပါတယ်။ နောက်ဆုံး ဒီလိုမျိုး မချင့်မရဲဖြစ်ချင်စရာ အနေအထားကြီးကိုမခံနိုင်တော့တဲ့အဆုံး ရေးနိုးလ်က “ဆာအဲလက်စ်၊ ဇူလိုင်လ ၂၅ ရက်နေ့ကျရင် ဆန်ဒီယေဂိုက Snapdragon ကွင်းထဲမှာ ကစား ရမယ့် ပွဲကြီးပွဲကောင်းအကြောင်းကို ပိုပြောချင်ပါတယ်။ ဒါပေမယ့် ရော့ဘ်(မက်အယ်ဟန်နေး) က ဘီဗာလီဟေးလ်မှာ ဆံပင်ညှပ်ဖို့ ချိန်းထားသေးလို့ သူအခုချက်ချင်း သွားရတော့မယ်။ အလုပ်တွေ ရှုပ်နေလို့အားနာပါ။ ဒါနဲ့ ကျေးဇူးတင်ပါတယ် ဆရာ၊ တွေ့ရတာ ဝမ်းသာပါတယ် ဘိုင့် ”ဆိုပြီး ဗီဒီယိုကောကို အမြန်ဆုံးရပ်လိုက်ပါတယ်။

နောက်တစ်ခန်းမှာတော့ ဆာအဲလက်စ်ဘက်ခြမ်းကို ပြသခဲ့ပြီး ရုံးခန်းထဲမှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ ဆာအဲလက်စ်ကို မြင်တွေ့ရပါတယ်။ အဲ့ဒီနောက် ဝန်ထမ်းတစ်ယောက်က ဝင်လာပြီး ရေးနိုးလ်တို့နဲ့ ဖုန်းပြောရတာ အဆင်ပြေလားလို့ မေးမြန်းရာမှာတော့ ဆာအဲလက်စ်က “သူတို့ mute (အသံဖျောက်) လုပ်ထားတာလေ၊ ဘာတစ်ခုမှ မကြားလိုက်ဘူး”ဆိုပြီး ပြောကာအဆုံးသတ်လိုက်ပါတယ်။

ဗီဒီယိုလေးက ခဏလေးပေမယ့် ပရိုမိုးရှင်းရဲ့ ရည်ရွယ်ချက်ကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်ရသလို၊ မင်းသားရိုင်ယန်ရေးနိုးလ်ရဲ့ ဟာသဉာဏ်၊ ဆာအဲလက်စ်ရဲ့ သရုပ်ဆေင်စွမ်းရည်တို့ကိုလည်း မြင်တွေ့ရတဲ့ ဗီဒီယိုလေးတစ်ခု ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပရီးမီးယားလိဂ် #ရိုင်ယန်ရေးနိုးလ်