ရှေ့သို့
Image

ပါဗက်ရဲ့ အမိုက်စားဂိုးနဲ့အတူ အနိုင်ရခဲ့တဲ့ ပြင်သစ်၊ အကီရဲ့ဂိုးတွေနဲ့ နယ်သာလန်ဂိုးပြတ်ရခြင်းအပါအဝင် ယူရိုခြေစစ်ပွဲတနင်္လာည ပွဲစဉ်များ

9:07 AM, 28 March

ပြင်သစ်အသင်းဟာ ယမန်နေ့ညက ယူရိုခြေစစ်ပွဲမှာ အိုင်ယာလန်ကို ပါဗက်ရဲ့ သွင်းဂိုးနဲ့အတူ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဂျီရော့ဒ်ဟာ ဒက်ဘလင်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပြင်သစ်ရဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

မူအာနီရဲ့ပေးပို့မှုကနေ ဂျီရော့ဒ် ဦးဆောင်ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် နတ်သန်ကောလင်းစ် ဖျက်ထုတ်သွားတာကြောင့် အိုင်ယာလန်တို့ ဂိုးစောစောပေးရမယ့်အရေးကနေ ဝေးကွာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ပါဗက်ရဲ့ ဖြတ်တင်ဘောကနေ ဂရစ်ဇ်မန်း ပိတ်သွင်းခဲ့ပေမယ့် ဂိုးဘေးက ကပ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစပြီး ၅မိနစ်အကြာမှာပဲ ပါဗက်က အဝေးကန်ချက်နဲ့အတူ လှလှပပ ကန်သွင်းကာ ပြင်သစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ အိုင်ယာလန်အသင်း ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ကောလင်းစ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား မိုင်ဂ်နန် ကာကွယ်သွားတာကြောင့် ပြင်သစ်တို့ နိုင်ပွဲရခဲ့ပါတယ်။ နယ်သာလန်အသင်းကလည်း ဂျီဘရော်လ်တာကို အကီရဲ့ သွင်းဂိုး၂ဂိုး အပါအဝင် ၃ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ၂၃မိနစ်မှာတင် နယ်သာလန်အသင်း ဦးဆောင်ဂိုး ရခဲ့ပြီး ဒမ်းဖရီးစ်ရဲ့ ဖြတ်တင်ဘောကနေ ဒီပေးက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာ နယ်သာလန်အသင်း ဒုတိယဂိုးရခဲ့ပြီး ဒမ်းဖရီးစ်ရဲ့ ဖြတ်တင်ဘောကနေပဲ အကီက သွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီး သိပ်မကြာခင်မှာပဲ ဝီဖာကို လီယန်ဝေါ်လ်ကာ ဖျက်ထုတ်ပုံကြမ်းခဲတာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရလို့ ဂျီဘရော်လ်တာအသင်း ၁၀ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။

၈၃မိနစ်မှာ နယ်သာလန်အသင်း တတိယဂိုးရခဲ့ပြီး အကီရဲ့ ကန်ချက်က ကိုလင်းနဲ့ထိကာ ဂိုးဝင်သွားခဲ့တာကြောင့် နယ်သာလန်တို့ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။

အခြားပွဲရလဒ်များ
-------------------
ပိုလန် ၁-၀ အယ်လ်ဘေးနီးယား
ဆွီဒင် ၅-၀ အဇာဘိုင်ဂျန်
မော်လ်ဒိုဗာ ဝ-၀ ချက်
သြစတြီးယား ၂-၁ အက်စ်တိုးနီးယား
ဟန်ဂေရီ ၃-၀ ဘူလ်ဂေးရီးယား
မွန်တီနီဂရို ဝ-၁ ဆားဘီးယား #အကီ #နယ်သာလန် #ပြင်သစ် #ဂျီရော့ဒ် #ပါဗက် ယူရို၂၀၂၄ခြေစစ်ပွဲ