ရှေ့သို့
Image

စပိန်လက်ရွေးစင်ဘဝပွဲဦးထွက်မှာ သွင်းဂိုးနှစ်ဂိုး ရယူနိုင်တဲ့ ဝါရင့်တိုက်စစ်မှူးဂျိုဆေးလူ

11:56 AM, 26 March

ဒီနေ့မနက်ပိုင်း၊ နော်ဝေအသင်းကို အိမ်ကွင်းမှာ သုံးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲအုပ်စုပွဲစဉ်အတွင်း စပိန်လက်ရွေးစင်ကစားသမားဘဝပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးဂျိုဆေးလူက အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရရှိအောင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

နည်းပြသစ်ဒီလာဖွန်တေလက်အောက် စပိန်အသင်းလူစာရင်းသစ်ပြန်လည်တည်ဆောက်မှုမှာ အသက်-၃၂ နှစ်အရွယ် တိုက်စစ်မှူးလည်း  ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။ အခုဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ အက်စ်ပန်ညိုအသင်းအတွက် ၁၂ ဂိုးအထိ သွင်းယူပေးထားတဲ့ ဂျိုဆေးလူကို နည်းပြဒီလာဖွန်တေက မာလာဂါမှာ ယှဉ်ပြိုင်ကစားရမယ့် နော်ဝေးနဲ့ပွဲစဉ်အတွက် အခွင့်အရေးပေးဖို့ ရွေးချယ်ထားခဲ့တာပါ။ ဒါပေမယ့် ဒီလာဖွန်တေရဲ့အသင်းက တိုက်စစ်မှူးအိုလ်မိုရဲ့သွင်းဂိုး တစ်ဂိုးတည်းနဲ့သာ ပွဲချိန်အများစုကို ဖြတ်သန်းခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ် ဂျိုဆေးလူပါဝင်လာချိန်မှာတော့ အက်စ်ပန်ညို တိုက်စစ်မှူးက စပိန်အသင်းအတွက် နောက်ထပ်သွင်းဂိုးနှစ်ဂိုး ရယူပေးကာ ပြတ်သားတဲ့အနိုင်ရလဒ်တစ်ခုကို ရှာဖွေပေးခဲ့ပါတယ်။

ဂျိုဆေးလူရဲ့နောက်ကျအနိုင်ဂိုးတွေကြောင့် ပြိုင်ဘက်နော်ဝေအသင်းရဲ့ ရမှတ်ရရှိနိုင်ရေး မျှော်လင့်ချက်တွေကို ရိုက်ချိုးနိုင်ခဲ့ပြီး နည်းပြဒီလာဖွန်တေကလည်း ဝါရင့်တိုက်စစ်မှူးရဲ့အကျိုးသက်ရောက်နိုင်စွမ်းအပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။ စပိန်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဝါရင့်တိုက်စစ်မှူးတွေကို လူငယ်ခြေတက်တိုက်စစ်ကစားသမားတွေနဲ့ တွဲဖက်ကစားစေဖွယ်ရှိပြီး ဂျိုဆေးလူကလည်း လာမယ့် ၁၂ လအတွင်း ဖြစ်လာနိုင်ချေရှိတဲ့အလားအလာတွေအပေါ် အဆင်သင့်ရှိနေပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

"ကျွန်တော်တော့ မယုံကြည်နိုင်သေးပါဘူး။ အခုလိုခြေစွမ်းပြဂိုးသွင်းနိုင်တာမျိုးက ကစားသမားတစ်ယောက်ဆန္ဒရှိနေတဲ့ အကောင်းဆုံးအခြေအနေမျိုးပါပဲ။ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်မှုတွေကပဲ ကျွန်တော့်ကို ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေ ပေးစွမ်းပါတယ်။ ကျွန်တော့်အနေနဲ့ ၁၈-နှစ်ရွယ်ကောင်လေးတစ်ယောက်လို ခံစားရပါတယ်"လို့ ဂျိုဆေးလူက ဆိုပါတယ်။

#နော်ဝေ #စပိန် ယူရို၂၀၂၄ခြေစစ်ပွဲ #ဟိုဆေးလူ