ရှေ့သို့
Image

ဒီဂျောင် တံကောက်ကြောဒဏ်ရာရနေတယ်လို့ ဘာစီလိုနာအသင်းတရားဝင်ထုတ်ပြန်

3:55 PM, 25 March

အသင်းကွင်းလယ်ကစားသမား ဒီဂျောင်ဟာ တံကောက်ကြောဒဏ်ရာရရှိနေတယ်လို့ ဘာစီလိုနာအသင်းမှ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ဒတ်ချ်ကွင်းလယ်လူဟာ အခုနိုင်ငံတကာသီတင်းပတ်၊ နိုင်ငံ့လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် လက်ရှိမှာတော့ လက်ရွေးစင်အသင်းလူစာရင်းမှနုတ်ထွက်ကာ ဘာစီလိုနာအသင်းဆီ ပြန်လည်ရောက်ရှိလာပါတယ်။


ဘာစီလိုနာအသင်းရဲ့ထုတ်ပြန်ချက်မှာ ဒီဂျောင်ရဲ့ဒဏ်ရာအကြောင်း ဖော်ပြထားပေမယ့် ဒဏ်ရာကြောင့် အနားယူရမယ့်ကာလကိုတော့ အတိအကျမရေးသားထားပါဘူး။

"ဒီနေ့လုပ်ဆောင်တဲ့ စစ်ဆေးမှုတွေအရ ဖရန်ကီဒီဂျောင်ဟာ ညာတံကောက်ကြောဒဏ်ရာရရှိနေတယ်လို့ ဖော်ပြလိုပါတယ်။ သူအနေနဲ့ အနားယူရမှာဖြစ်ပြီး ဒဏ်ရာအခြေအနေသက်သာလာမှုကပဲ သူ့ရဲ့ပွဲကစားနိုင်စွမ်းကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်" လို့ ဘာစီလိုနာအသင်းရဲ့တရားဝင် Twitter လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


ဒီဂျောင်ရဲ့အသင်းဖော် ဒီပေးကတော့ နယ်သာလန်ကွင်းလယ်လူရဲ့ ဒဏ်ရာဟာ ပြင်းထန်မှုမရှိဘဲ မကြာခင်မှာ ဘောလုံးပွဲစဉ်တွေဆီ ပြန်လာနိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ခရစ္စတန်ဆန်၊ ပက်ဒရီ၊ အရူဂျို၊ ဒမ်ဘီလီတို့လို စီနီယာကစားသမားတွေကို ဒဏ်ရာကြောင့်လက်လွှတ်ထားရတဲ့ ဘာစီလိုနာက ဒီဂျောင်ရဲ့ဒဏ်ရာ အမြန်ဆုံးပြန်လည်သက်သာလာဖို့ မျှော်လင့်နေပါလိမ့်မယ်။

ဇာဗီရဲ့အသင်းက လာမယ့်ဧပြီ ၁ ရက်မှာ အယ်လ်ချီနဲ့ လာလီဂါပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ရှိပြီး နောက်လေးရက်အကြာမှာပဲ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်(ဒု-ကျော့)အဖြစ် နူးကမ့်ကွင်းမှာ မဟာပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားရပါမယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်