ရှေ့သို့
Image

စပို့တင်း ကွင်းလယ်လူ ဂွန်ကယ်ဗက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အက်စတွန်ဗီလာ

3:26 PM, 24 March

အက်စတွန်ဗီလာအသင်းဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ပက်ဒရိုဂွန်ကယ်ဗက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဂွန်ကယ်လ်ဗက်စ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ယူရိုပါလိဂ်မှာ အာဆင်နယ်ကို အမ်းမရိတ်ကွင်းရဲ့ ကွင်းတဝက်လောက်ကနေ သွင်းယူခဲ့တဲ့ ဂိုးကြောင့်လည်း လက်တလောမှာ နာမည်ကြီးနေတာ ဖြစ်ပါတယ်။

စပို့တင်းနဲ့ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၂၀-၂၁ ကတည်းက ကွင်းလယ်ကနေ လိဂ်ဂိုး ၂၃ ဂိုး သွင်းယူခဲ့ပြီးနောက် ဒီရာသီမှာလည်း ၁၇ ဂိုးသွင်း ၉ ဂိုး ဖန်တီးပြီး ဆက်လက်ခြေစွမ်း ပြသနေခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီသတင်းစာ Record က ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ၂၄ နှစ်အရွယ် ကစားသမားကို ရာသီကုန်မှာ ခေါ်ယူနိုင်ဖို့ စတင်ကြိုးစားနေကြပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဂွန်ကယ်ဗက်စ်ဟာ ပေါ်တူဂီနွယ်ဖွားအများအပြားရှိတဲ့ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းကို ၁၉ နှစ်အရွယ်က ပြောင်းရွှေ့ခဲ့ပေမယ့် ကစားခဲ့တဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ် တစ်ပွဲမှ ကစားခွင့်မရခဲ့ပါဘူး။ ပေါ်တူဂီမှာ ဖာမယ်လီကာအိုအသင်းကို စတင်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် တစ်ရာသီသာ ကစားလိုက်ရပြီး စပို့တင်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတစ်ချက်ကပဲ ဗီလာနဲ့ စပို့တင်းတို့ကြားက အပြောင်းအရွှေ့ ဆွေးနွေးမှုကို အနှောင့်အယှတ်ဖြစ်လာနိုင်ပါတယ်။

သတင်းတွေအရတော့ ဖာမယ်လီကာအိုအသင်းဟာ ဂွန်ကယ်ဗက်စ်ကို စပို့တင်းထံရောင်းခဲ့စဉ်က ၅၀% sell on fee ထည့်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် စပို့တင်းအနေနဲ့ ယူရိုသန်း ၈၀ (ပေါင်သန်း ၇၀) ထက်မနည်းတဲ့ ဈေးနဲ့သာ ရောင်းချနိုင်ပြီး အဲ့ဒီဈေးနဲ့ရောင်းနိုင်ရငတောင်မှ တဝက်ဆုံးရှုံးရဦးမှာဖြစ်ပါတယ်။  ဗီလာအတွက် မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးတစ်ခုဖြစ်ပေမယ့် စပို့တင်းဘက်က အဆိုပါ ၅၀ ရာခိုင်နှုန်းပြန်ပေးရမယ့် အချက်ကို ဖြေရှင်းနိုင်မယ်လို့ ကြည့်နေပါတယ်။ ဒီအချက်သာ ဖြေရှင်းနိုင်မယ်ဆိုရင် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ အပြောင်းအရွှေ့လည်း ဖြစ်မြောက်လာဖွယ် ရှိပါတယ်။

#အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #စပို့တင်း #ဂွန်ကယ်ဗက်စ်