ရှေ့သို့
Image

နာဂယ်စ်မန်းရဲ့ နေရာမှာ တူချယ်ကို နည်းပြအဖြစ် ခန့်အပ်သွားမယ့် ဘိုင်ယန်မြူးနစ်

10:02 AM, 24 March

ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ ၁၆သင်းအဆင့်တွင် နာမည်ကျော်ပီအက်စ်ဂျီအသင်းကို အနိုင်ရယူကာ ကွာတားအဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပေမဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း ရလဒ်ပိုင်း ယိမ်းယိုင်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ နာဂယ်စ်မန်းကို ရာထူးမှ ထုတ်ပယ်ကာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ပုံစံကောင်းပြသခဲ့ဖူးတဲ့ နည်းပြ သောမက်စ်တူချယ်ကို ခန့်အပ်ရန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

နည်းပြ နာဂယ်စ်မန်းရဲ့ ဦးဆောင်မှုနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် ဗီလာရီးရဲလ်အသင်းကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွားခဲ့ရပြီး ယခုနှစ်ရာသီတွင် ပီအက်စ်ဂျီအသင်းကို အနိုင်ရယူကာ ကွားတားအဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပေမဲ့ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ ဘွန်ဒက်စ်လီဂါမှ ရလဒ်ပိုင်း ယိမ်းယိုင်းနေတာလည်း ဖြစ်ပါတယ်။

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယီု ရိုမာနိုရဲ့ အဆိုအရ ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ နာဂယ်စ်မန်းကို ထုတ်ပယ်အပြီး ဘွန်ဒက်စ်လီဂါအတွေ့အကြုံ များပြားသလို ချဲလ်ဆီးအသင်းနဲ့ပါ ဥရောကချန်ပီယံလိဂ် ချန်ပီယံဖြစ်ထားခဲ့တဲ့ နည်းပြ သောမက်စ်တူချယ်ကို ခန့်အပ်ရန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုအချို့ ရယူနိုင်ခဲ့ပေမဲ့ ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်ပိုင်း အားနည်းနေတာကြောင့် ပိုင်ရှင်ဖြစ်သူ တော့ဒ်ဘိုလီက ဘရိုက်တန်အသင်းရဲ့ နည်းပြ ပေါ့တာနဲ့ အစားထိုးခန့်လိုက်အပြီးတွင် နည်းပြ အန်ဆယ်လော့တီရဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက နည်းပြ တူချယ်ကို ခေါ်ယူရန် ချိတ်ဆက်မှုအချို့ ပြုလုပ်ထားကြောင်း သတင်းထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း ရမှတ် ၅၂မှတ်ဖြင့် အဆင့် ၂နေရာတွင် ရောက်ရှိနေချိန် အမှတ်ပေးဇယားအဆင့် ၁နေရာတွင်ရပ်တည်နေတဲ့ ဒေါ့မွန်အသင်းက ရမှတ် ၅၃မှတ်ရရှိထားတာကြောင့် ရမှတ် ၁မှတ်သာ ကွာဟနေတာ ဖြစ်ပြီး လာမယ့် ဧပြီလ ၁ရက်နေ့မှာ ထိပ်တိုက်ကစားသွားကြရမှာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #တူချယ် #ဘိုင်ယန်မြူးနစ် #နာဂယ်စ်မန်း