ရှေ့သို့
Image

နွေရာသီမှာ ကစားသမား ၄ ယောက်ကို ရောင်းချနိုင်တဲ့ ဘာစီလိုနာ

3:53 PM, 23 March

ဒီနွေရာသီဟာ ဘာစီလိုနာအတွက်တော့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို တိုးတက်အောင် လုပ်ဖို့အရေးကြီးတဲ့ အချိန်လည်းဖြစ်ပါတယ်။

ဂါဗီကိုပထမအသင်း လူစာရင်းမှာ ထည့်သွင်းခွင့်ရဖို့ တောင်းဆိုမှုကျရှုံးခဲ့တာဟာ အသင်းရဲ့ဘဏ္ဍာရေး အခြေအနေ မမျှတမှုကြောင့်ဖြစ်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေက ယူထားပါတယ်။ ဆိုလိုတာကတော့ အနည်းဆုံးကစားသမား ၄ ယောက်လောက်တော့ ထွက်ခွာဖို့လိုအပ်နေတာကြောင့် ဒီနွေရာသီမှာ အဲရစ်ဂါစီယာ၊ ပါဘလိုတော်ရီ၊ ဖာရန်တောရက်စ်နဲ့ အန်ဆုဖာတီတို့ကို ရောင်းထုတ်သွားဖွယ် ရှိကြောင်း AS သတင်းစာက ဖော်ပြခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုကတော့ အင်ဂိုမာတီနက်ဇ်ဖြစ်နိုင်လို့ နည်းပြဇာဗီအနေနဲ့ လူစာင်းထဲက ဗဟိုခံစစ်မှူးတစ်ဦးကို မဖြစ်မနေ လျှော့ချဖို့လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဒီရာသီမှာလည်း ပွဲထွက်ကစားခွင့် မရဖြစ်နေတဲ့ ဂါစီယာက အရောင်းထုတ်ခံရနိုင်ဆုံး ကစားသမားဖြစ်လာပါတယ်။ တော်ရီကလည်း နွေရာသီမှာ ထွက်ခွာနိုင်ပေမယ့် ဘာစီလိုနာ တာဝန်ရှိသူတွေက အလားအလာအကောင်းဆုံး လူငယ်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ထားတာကြောင့် အငှားအနေနဲ့သာ ထွက်ခွာဖို့ရှိနေပါတယ်။

တော်ရီကိုတော့ အသင်းရဲ့အနာဂတ်မှာ ထည့်သွင်းစဉ်းစားထားတာကြောင့် အသင်းမှာ ဆက်ထိန်းထားဖို့ရှိနေပေမယ့် ပထမအသင်းမှာ နေရာရဖို့ ရုန်းကန်နေရပါတယ်။ အဲ့ဒါကြောင့် တခြားလာလီဂါအသင်း တစ်သင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ရှိနေပါတယ်။ ဒီနွေရာသီမှာ အနည်းဆုံးတော့ တိုက်စစ်ကစားသမားတစ်ဦး ထွက်ရနိုင်ပြီး တောရက်စ်နဲ့ ဖာတီတို့ ဖြစ်ဖို့များနေပါတယ်။ ကစားသမားနှစ်ယောက်စလုံးက ဒီရာသီမှာ ပထမအသင်းမှာ နေရာရဖို့ ရုန်းကန်နေရကြရာတာကြောင့် ဈေးကောင်းရနိုင်တုန်းလေး ရောင်းထုတ်ဖွယ်ရှိပါတယ်။

ဘာစီလိုနာကလည်း နွေရာသီအပြောင်းအရွှေ့မှာ စောင့်ကြည့်ရမယ့် အသင်းတစ်သင်းဖြစ်ပြီး လာမယ့်ရာသီအတွက် ဘဏ္ဍာရေးစည်းမျဉ်းတွေအတိုင်း အသင်းကို တိုးတက်အောင် လုပ်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဂါစီယာ #ဖာတီ