ရှေ့သို့
Image

အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်နေတယ်လို့ နည်းပြမန်စီနီ ဆို

3:40 PM, 23 March

ဒီနေ့ညပိုင်း၊ နေပယ်လ်မြို့မှာ အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့် ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အတွက် အီတလီအသင်း အနေနဲ့ အကောင်းဆုံးပြင်ဆင်နေတယ်လို့ နည်းပြမန်စီနီက ထုတ်ပြောလာပါတယ်။

ဥရောပအင်အားကြီးအသင်းတွေဖြစ်တဲ့ အီတလီနဲ့ အင်္ဂလန်တို့ဟာ ယူကရိန်း၊ မြောက်မက်ဆီဒိုးနီးယား၊ မော်လ်တာတို့နဲ့အတူ ယူရို-၂၀၂၄ ခြေစစ်ပွဲအုပ်စု(C)မှာ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဒီနေ့ညပိုင်းမှာတော့ အီတလီနဲ့ အင်္ဂလန်တို့ဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။

မန်စီနီက “ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်။ နေပယ်လ်မြို့ဒေသခံတွေက ကျွန်တော်တို့အသင်းကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုအားပေးသွားမှာဖြစ်ပြီး အခုပွဲစဉ်ကို ပွဲကောင်းတစ်ခုဖြစ်လာစေဖို့ မျှော်လင့်ထားပါတယ်။ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ယူရိုပြိုင်ပွဲလိုပဲ နေးရှင်းလိဂ်ကိုလည်း အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အင်္ဂလန်နဲ့  နှစ်ကြိမ်ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ညပွဲစဉ်ကတော့ နောက်ထပ်မတူညီတဲ့ ပွဲစဉ်အမျိုးအစားပေါ့”

“ကျွန်တော်တို့အသင်းက ယူရိုခြေစစ်ပွဲစဉ်တွေကိုလည်း အကောင်းဆုံးပုံစံနဲ့ စတင်ချင်ပါတယ်။ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့ အကြီးအကျယ်ပျော်ရွှင်ခဲ့ရသလို ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့လို့ အတော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့အသင်းက နေးရှင်းလိဂ်နောက်ဆုံးလေးသင်း အဆင့်ဆီ နှစ်ကြိမ်ဆက်တက်ရောက်ထားနိုင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ အစကနေ ပြန်လည်စတင်ရဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ နေးရှင်းလိဂ်ကို အနိုင်ရချင်သလို ယူရိုပြိုင်ပွဲအတွက်လည်း ခြေစစ်ပွဲအောင်မြင်ချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့က  ယူရိုပြိုင်ပွဲရဲ့လက်ရှိချန်ပီယံတွေအဖြစ် ကစားနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အီတလီလက်ရွေးစင်နည်းပြက သူ့ရဲ့အသင်းဟာ ၄-၃-၃ ကစားကွက်နဲ့ ဆက်ကစားသွားမယ်လို့ ပြောလာပါတယ်။ “ကျွန်တော်တို့က နေးရှင်းလိဂ်မှာ မတူညီတဲ့ ကစားကွက်တစ်ခုနဲ့ ကစားခဲ့ပြီး အခုအချိန်မှာ ကျွန်တော်တို့ အပြောင်းအလဲလုပ်သွားနိုင်ပါတယ်။ ဒါပေမယ့် ပွဲကိုထိန်းချုပ်နိုင်ဖို့ ၄-၃-၃ ကစားကွက်ကပဲ သက်သောင့်သက်သာအရှိဆုံးဆိုတာကိုလည်း ခံစားမိပါတယ်”လို့ မန်စီနီက ဆက်ပြောခဲ့ပါတယ်။

#အင်္ဂလန် #မန်စီနီ