ရှေ့သို့
Image

လက်ရွေးစင်အသင်း လူစာရင်းမှာ အလီဆင် မပါဝင်လာမှုအပေါ် အံ့သြနေတဲ့ မန်စီးတီးဂိုးသမား အီဒါဆန်

2:12 PM, 23 March

အခုနိုင်ငံတကာသီတင်းပတ်အတွက် ဘရာဇီးလက်ရွေးစင်အသင်းလူစာရင်းမှာ လီဗာပူးဂိုးသမား အလီဆင် မပါဝင်လာမှုအပေါ် အံ့အားသင့်မိတယ်လို့ အလီဆင်ရဲ့လက်ရွေးစင်အသင်းဖော်၊ မန်စီးတီးဂိုးသမားအီဒါဆန်က ဖွင့်ဟပြောဆိုလာပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အတွင်း မော်ရိုကိုနဲ့ ကစားရမယ့် ခြေစမ်းပွဲစဉ်အတွက် ဘရာဇီးအသင်းလူစာရင်းကို ဒီလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

ယာယီနည်းပြရေမွန်မီနက်ဇက်ဇ်ရွေးချယ်ခဲ့တဲ့ ကစားသမား ၂၃ဦး စာရင်းမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဘရာဇီးလက်ရွေးစင်အသင်း ဦးစားပေးဂိုးသမား တာဝန်ယူထားခဲ့ရတဲ့ အလီဆင် မပါဝင်လာခဲ့ပါဘူး။ လီဗာပူးနံပါတ်တစ် ဂိုးသမားက ဘရာဇီးလက်ရွေးစင်အသင်း အတွက် ၆၁ ပွဲပါဝင်ကစားပေးထားပြီး အသင်းနဲ့အတူ ၂၀၁၉ ခုနှစ် ကိုပါအမေရိကချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် အခုဘောလုံးရာသီမှာတော့ အသက်-၃၀ နှစ်အရွယ် ဂိုးသမားဟာ သူ့ရဲ့ကလပ်အသင်းနဲ့အတူ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ရုန်းကန်ဖြတ်သန်းနေရပါတယ်။

အီဒါဆန်က “ဒီလူစာရင်းကို ပထမဆုံးတွေ့လိုက်ချိန်မှာပဲ ကျွန်တော် အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပါ။ ရွေးချယ်ခံထားရတဲ့သူတွေရှိသလို ကျွန်တော့်အမြင်အရလည်း အလီဆင်က ဒီလူစာရင်းမှာ ပါဝင်လာသင့်တယ်ဆိုပေမယ့် သူ မပါဝင်လာခဲ့ပါဘူး။ လူငယ်ကစားသမားတွေအတွက် အခွင့်အရေးပေးချင်တာလားဆိုတာမျိုးတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေကို ပေးစွမ်းဖို့ နေ့တိုင်းအလုပ်တွေ ကြိုးစားရပါမယ်။ ဂိုးသမားနေရာအတွက် ကစားသမားကောင်းတွေလည်း နေ့စဉ်ပေါ်ထွက်နေပါတယ်။ ကျွန်တော်က ဦးစားပေးဂိုးသမားဖြစ်လာမလားဆိုတဲ့ ကိစ္စအပေါ် ပြောဖို့ကတော့ စောပါသေးတယ်။ အမှန်ပါပဲ၊ ကစားသမားကောင်းတွေ မျိုးဆက်မပြတ်သွားဖို့ဆိုတာကလည်း အမြဲတမ်းအရေးကြီးပါတယ်။ ကျွန်တော့်အတွက်တော့ ကွဲပြားသွားတာမျိုး ဘာမှမရှိပါဘူး။ ကျွန်တော်ကတော့ ဖြစ်နိုင်သမျှအကောင်းဆုံး နည်းလမ်းနဲ့ စတင်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဘဝဆိုတာ ရှည်လျားတဲ့ သံသရာတစ်ခုပါ။ ကိစ္စတွေအများကြီးဖြစ်လာနိုင်သလို အဲ့ဒီလိုအခြေအနေတွေနဲ့ပဲ ရှင်သန်နိုင်ရပါမယ်။ တက်နိုင်သမျှ အပြင်းထန်ဆုံး အလုပ်ကို ကြိုးစားပြီး ကိုယ့်ရဲ့လက်စွမ်းကို ထိန်းသိမ်းထားနိုင်ရပါမယ်။ ဒါမှသာ ဒီနေရာမှာ အချိန်ကြာကြာ ရှိနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းဂိုးပေါက်ကို အလီဆင်တာဝန်ယူနေချိန်ကာလအတွင်း အီဒါဆန်က အသင်းအတွက် ၁၉ ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။ အခုတစ်ကြိမ်ဘရာဇီးအသင်းလူစာရင်းမှာ ဘရာဇီးကလပ်၊ ပါရာနန်စီရဲ့ အသက်-၁၉ နှစ်အရွယ် ဂိုးသမား မာကယ်လ်ပါဝင်လာသလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အလီဆင်၊ အီဒါဆန်တို့ရဲ့နောက် တတိယဦးစားပေးဂိုးသမားအဖြစ် တာဝန်ယူခဲ့တဲ့ အသက်-၃၅ နှစ်အရွယ် ဝီဗာတန်လည်း ပါဝင်ခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #ဘရာဇီး #အလီဆင် #အီဒါဆန် #ပရီးမီးယားလိဂ်