ရှေ့သို့
Image

ယူနိုက်တက်အသင်းမှာ ကစားရတာလောက် ပျော်ရွှင်စရာကောင်းတာမရှိပါဘူးလို့ ဖွင့်ဟလိုက်တဲ့ ဝက်ဂ်ဟော့စ်

1:10 PM, 23 March

ပရီးမီးယားလိဂ်ရာသီအစောပိုင်းတွင် ရလဒ်ပိုင်းယိမ်းယိုင်ကာ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ကြုံနေရချိန် ယူနိုက်တက်အသင်းနဲ့ ဝါရင့်တိုက်စစ်ကစားသမား ရော်နယ်ဒို အကြားမှာ မကြေမလည်ဖြစ်ကာ အတွင်းသတင်းအချိုု့ကို ထုတ်ဖော်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက ရော်နယ်ဒိုကို ထုတ်ပယ်လိုက်အပြီးမှာ အငှားခေါ်ယူထားတဲ့ ဝက်ဂ်ဟော့စ်က ယူနိုက်တက်မှာ ကစားရတဲ့ ခံစားချက်ကို ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဘန်လေအသင်းကနေ တူရကီကလပ် ဘက်တစ်အသင်းကို အငှားချထားခဲ့တဲ့ နယ်သာလန် တိုက်စစ်မှုးကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်းမှာ ရာသီဝက်အငှားဖြင့် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဝက်ဂ်ဟော့စ် အနေဖြင့် ယူနိုက်တက်အသင်းသို့ ရောက်ရှိလာအပြီးတွင် နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်အသင်း ပွဲထွက်လူစာရင်းမှာ ဆက်တိုက်ပါဝင်ကစားပေးခွင့် ရထားပြီး သွင်းဂိုး ၃ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ပြည်တွင်းဖလားပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကာရာဘောင်ဖလားမှာ ဗိုလ်စွဲထားခဲ့သလို အက်ဖ်အေဖလားတွင် ဆီးမီးဖိုင်နယ်၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီး အဆိုပါ ခရီးလမ်းမှာ ဝက်ဂ်ဟော့စ်က အဓိက အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ကစားရတာက ဂုဏ်ယူမဆုံးဖြစ်နေရကြောင်းနဲ့ ပက်သက်ပြီး ဝက်ဂ်ဟော့စ်က “ဒါက ကျွန်တော်ကစားသမားဘဝတစ်လျှောက် အကောင်းမွန်ဆုံး အခိုက်အတန့်တစ်ခုပါ။ ယူနိုက်တက်အသင်းဆိုတာ ကမ္ဘာ့အင်အားအကြီးမားဆုံး ကလပ်အသင်းတွေထဲမှ တစ်သင်းဖြစ်ပြီး ယခုတော့ ဒီအသင်းအတွက် ကစားပေးခွင့်ရနေပါပြီ” “ဒီထက်ပိုကောင်းတဲ့ အရာ ဘာမှရှိနိုင်မှာ မဟုတ်ပါဘူး။ ယူနိုက်တက်အသင်းဆိုတာ ဘယ်လောက်အထိ ခမ်းနားတဲ့ ကလပ်အသင်းလည်း ဆိုတာ ခင်ဗျားတို့လည်း လာကြည့်ရင် မြင်နိုင်မှာပါ” “ယူနိုက်တက်အသင်းဆိုတာ ပရိသတ်အင်အား တကယ့်ကို တောင့်တင်းတဲ့ အသင်းဖြစ်ပြီး ဒီအသင်းမှာ ကျွန်တော်ကတော့ အကောင်းဆုံး ကြိုးစားကစားနေပါတယ်” လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဝက်ဂ်ဟော့စ်