ရှေ့သို့
Image

ကိန်းနဲ့ ဟန်ဒါဆန်ကို အပြန်အလှန်စိတ်ဝင်စားနေကြတဲ့ ယူနိုက်တက်နဲ့ တော့တင်ဟမ်

11:41 AM, 23 March

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့စိတ်ဝင်စားနေသလို တော့တင်ဟမ်ကလည်း ယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်ကို တစ်ဖန်ပြန်ပြီး စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟာ ကစားသမားဘဝက အဆုံးသတ်ဖို့ နီးစပ်လာတဲ့ အသက် ၃၆ နှစ်အရွယ် ဝါရင့်ဂိုးသမား ဟူဂိုလိုရစ်ရဲ့ နေရာမှာ အစားထိုးဖို့ ရေရှည်သုံးလို့ရမယ့် ဂိုးသမားတစ်ဦးကို ရှာဖွေနွေတာပဲ ဖြစ်ပါတယ်။ ESPN ရဲ့ အဆိုအရတော့ နော်တင်ဟမ်ဖောရက်စ်မှာ အငှားကစားလျက်ရှိတဲ့ ဟန်ဒါဆန်ကိုအငှားစာချုပ် ကုန်ချိန်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့ပါတယ်။ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်ပြီး ၂၀၂၅ ထိ စာချုပ်သက်တမ်း ရှိနေပေမယ့် ဟန်ဒါဆန်ရဲ့ အိုးလ်ထရက်ဖို့ဒ်အနာကတ်က မရေမရာဖြစ်နေပါတယ်။

၂၆ နှစ်အရွယ် ကစားသမားက အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ အရွေးမခံခဲ့ရတာက ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်မှာ နေရာမရခဲ့တာကြောင့်ဖြစ်ကြောင်း စက်တင်ဘာလတုန်းက ဝန်ခံခဲ့ဖူးပါတယ်။ နော်တင်ဟမ်ကို အငှားနဲ့ရောက်ရှိပြီး မကြာခင်မှာပဲ ယူနိုက်တက်က ပွဲထွက်ခွင့်နဲ့ ပတ်သက်လို့ သူ့ကိုအမှန်အတိုင်းမပြောခဲ့ကြောင်း ဝေဖန်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရာသီက ၃ ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး အဓိကဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့နောက် အရန်အဖြစ်သာ ကစားခဲ့ရပါတယ်။ ဒီရာသီမှာတော့ ဖောရက်စ်အတွက် ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက် ကစားခွင့်ရရှိခဲ့ပြီး ဇန်နဝါရီမှာ ပေါင်ဒဏ်ရာ ရရှိခဲ့ပြီး အနားယူနေခဲ့ရပါတယ်။

တော့တင်ဟမ်က ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာနဲ့ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်တို့ကိုလည်း ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် ဟန်ဒါဆန်ကို စိတ်ဝင်စားမှုလည်း မြင့်တက်လာတာကြောင့် ကိန်းကိုခေါ်ချင်နေတဲ့ ယူနိုက်တက်အတွက်လည်း မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။ တော့တင်ဟမ်က သူတို့ရဲ့အဓိကတိုက်စစ်မှူးကို ဒီနွေရာသီမှာ အနည်းဆုံးပေါင်သန်း ၁၀၀ ခန့်ရမှ ရောင်းချဖွယ်ရှိပါတယ်။ တော့တင်ဟမ်ရဲ့ ကလပ်စံချိန်တင် ဂိုးသွင်းရှင်ရဲ့ လက်ရှိစာချုပ်ကတော့ ၁ နှစ်သာ ကျန်ပါတော့တယ်။

သတင်းတွေအရတော့ နည်းပြအဲရစ်တန်ဟတ်ရဲ့ တိုက်စစ်ကို တိုးတက်စေဖို့အတွက် ကစားသမားသစ်တွေကို မြန်မြန်ဆန်ဆန်ပဲ ခေါ်ယူမှာဖြစ်လို့ ကာလရှည်ဆွေးနွေးညှိနှိုင်းရမယ့် အပြောင်းအရွှေ့တွေကို မပြုလုပ်ဘူးလို့ သိရပါတယ်။ နာပိုလီက ဗစ်တာအိုဆီမန်၊ ဖရန့်ဖတ်က ကိုလိုမူအာနီတို့ကလည်း ယူနိုက်တက်က ပစ်မှတ်ထားတဲ့ အရန်ပစ်မှတ်တွေ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန် #ဟယ်ရီကိန်း