ရှေ့သို့
Image

ဂျူဗင်တပ်စ်မှာ ဆက်နေဖို့ လမ်းဖွင့်ထားတဲ့ ရာဘီအော့

11:01 AM, 23 March

သတင်းတွေအရ ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီအော့တစ်ယောက် အသင်းမှာ ဆက်နေဖို့ လမ်းဖွင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲတဲ့ ၁၂ လတုန်းက ပြင်သစ်သားတစ်ယောက် အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းကြီးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်အသင်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး အတော်လေးနီးစပ်ခဲ့တာဖြစ်ပါတယ်။

စာချုပ်သက်တမ်းက နောက်ဆုံး ၁၂ လတည်းကျန်တော့တာကြောင့် အသက် ၂၇ နှစ်သားရဲ့အနာဂတ်က မရေရာသေးသလို အသင်းရဲ့အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ရာဘီအော့ဟာ အသင်းအတွက် ၃၂ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၉ ဂိုးသွင်း ၊ ၃ ဂိုး ဖန်တီးနိုင်ခဲ့ကာ အခြားဥရောပအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

မန်စီးတီး ၊ အာဆင်နယ် ၊ ယူနိုက်တက် ၊ တော့တင်ဟမ်အပါအဝင် အခြားအသင်းတော်တော်များများက ပြင်သစ်သားကို အလိုရှိနေကြပါတယ်။ ဒါပေမယ့် အီတလီသတင်းဌာနတစ်ခုကတော့ ရာဘီအော့ဟာ ဂျူဗင်တပ်စ်မှာ ဆက်နေဖို့ အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

“အခုချိန်မှာတော့ ဘာသတင်းအသစ်မှ မရှိသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ စကားပြောမှာပါ။ ဘာလို့လဲဆိုတော့ ရာသီကုန်ဖို့ ၂ လလိုနေသေးတာကြောင့်ပါ။ ကျွန်တော် စိတ်အေးအေးထားပါတယ်။ ထွက်ခွာဖို့ အခွင့်အရေး ရှိနေပေမယ့် ကျွန်တော် အသင်းနဲ့စာချုပ်သက်တမ်း တိုးချင်ပါတယ်။ တူရင်မှာ ကျွန်တော်ပျော်ပါတာ်။ ကျွန်တော် အလုပ်ကောင်းကောင်းလုပ်နေသလို အသင်းဒါရိုက်တာ ၊ အသင်းဖော်တွေ ၊ နည်းပြနဲ့လည်း အဆင်ပြေပါတယ်။ သူ(အယ်လီဂရီ)က ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော့်ကို ကူညီခဲ့ပါတယ်။ ယုံကြည်မှုလည်းပေးခဲ့သလို အနာဂတ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ရာဘီအော့က ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တိုက်ပွဲဝင်နေရပြီး ဘဏ္ဍာရေးဆိုင်ရာပြဿနာကြောင့် ၁၅ မှတ်လျော့ချခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လီဂရီရဲ့အသင်းဟာ အဆင့် ၄ နေရာနဲ့ နီးစပ်နေပြီး ၇ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ စပို့တင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#စီးရီးအေ #ရာဘီအော့ #ဂျူဗင်တပ်စ်