ရှေ့သို့
Image

နွေရာသီမှာ အသင်းပြောင်းဖို့ တံခါးဖွင့်ထားတဲ့ ယူနိုက်တက်ပစ်မှတ် ဖရန့်ဖတ်စတား

10:59 AM, 23 March

ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ ရန်ဒဲလ်ကိုလိုမူအာနီတစ်ယောက် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ တံခါးဖွင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ဖရန့်ဖတ်တိုက်စစ်မှူးဟာ ဥရောပရဲ့အကောင်းဆုံးလူငယ်တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ပြင်သစ်အသင်းမှာ ပါဝင်နိုင်အောင် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တန်ဟက်ရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ပြင်သစ်သားအတွက် ပေါင် ၁၀၅ သန်း ပြောင်းရွှေ့ကြေးပေးဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ဒါပေမယ့် တန်ဟက်ရဲ့ယူနိုက်တက်အသင်းအပြင် မူအာနီကို ပီအက်စ်ဂျီအသင်းကလည်း ပစ်မှတ်ထားနေပါတယ်။ အသက် ၂၄ နှစ်သားကတော့ အသင်းမပြောင်းခင် လက်ရှိအသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အများကြီးစကားပြောပြီးသားပါ။ ဒါပေမယ့် ကျွန်တော် အခုအသင်းအတွက်ပဲ အာရုံစိုက်နေပါတယ်။ လက်ရှိမှာတော့ ကျွန်တော့်စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်နေပါတယ်။ နွေရာသီမှာ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။ ကျွန်တော် အသင်းကြီးတွေမှာကစားခွင့်ရဖို့ အမြဲအိပ်မက်မက်နေတာပါ”လို့ မူအာနီက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာမှာလည်း ရပ်တည်နေပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးမရှိတာကြောင့် ရက်ရှ်ဖို့ဒ်ကိုပဲ အားကိုးနေရကာ မာရှယ်ကလည်း ဒဏ်ရာပြဿနာတွေနဲ့ပဲ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ဘန်လေတိုက်စစ်မှူး ဝက်ဟော့စ်ကို အငှားခေါ်ယူထားခဲ့ရပြီး နယ်သာလန်သားက တိုက်စစ်မှာ စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်တာဖြစ်ပါတယ်။

ပြင်သစ်သားကလည်း နွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်နေပါတယ်။ “ကျွန်တော် အဲ့ကိုသွားရင် အထိုင်ကျဖို့ အချိန်တော့လိုပါလိမ့်မယ်။ တစ်နှစ်လောက်ပေါ့။ ဒါပေမယ့် အရာအားလုံးက မျှော်လင့်ထားရတာပါပဲ။ ကျွန်တော် ဘယ်စိန်ခေါ်မှုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ကျွန်တော့်အချက်အလက်တွေကို တစ်ပွဲချင်းအာရုံစိုက်ပါတယ်။ ပြီးတော့ တိုးတက်အောင် လေ့ကျင့်ပါတယ်။ ဂိုးတွေအများကြီး နဲ့ ဂိုးဖန်တီးမှုတွေ အများကြီးလုပ်နိုင်ပေမယ့် ထိပ်တန်းအဆင့်တော့ မရောက်သေးပါဘူး။ ကျွန်တော် အခုထက်တိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်”လို့ မူအာနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖရန့်ဖတ် #ပရီးမီးယားလိဂ် မူအာနီ