ရှေ့သို့
Image

အန်ဆယ်လော့တီက ဘရာဇီးနည်းပြသစ် ဖြစ်လာနိုင်တယ်လို့ ဖွင့်ဟပြောဆိုလိုက်တဲ့ အီဒါဆန်

9:57 AM, 23 March

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ လစ်လပ်နေတဲ့ ဘရာဇီးနည်းပြသစ်တာဝန်ကို ရယူနိုင်ဖွယ်ရှိတယ်လို့ မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့အဆိုအရ သိရပါတယ်။ အန်ဆယ်လော့တီဟာ အခုရာသီကုန်မှာ စပိန်ထိပ်သီးကလပ်မှ ထွက်ခွာတော့မယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။

ဘရာဇီးလက်ရွေးစင်ဂိုးသမားအီဒါဆန်က “ကတ်စ်မဲရိုး၊ ဗင်နီးစီးယက်စ်၊ မီလီတာအိုတို့နဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ ဘရာဇီးနည်းပြသစ်ဖြစ်လာနိုင်ခြေ အတော်လေးများနေတာကြောင့် ကျွန်တော်တို့က လည်း ဒီကိစ္စကို တက်နိုင်သမျှအမြန်ဆုံးဖြစ်လာအောင် ဝိုင်းဝန်းကြိုးစားရပါမယ်။ အန်ဆယ်လော့တီက အောင်နိုင်သူတစ်ဦးဖြစ်ပြီး လူတိုင်းကလည်း သူ့ကိုကြိုက်ကြသလို သူက ထူးခြားသူတစ်ဦးဆိုတာ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အန်ဆယ်လော့တီက ဘရာဇီးနည်းပြသစ်ဖြစ်လာမလားဆိုတာ မဝေးတော့တဲ့အနာဂတ်ကာလဆီ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

အန်ဆယ်လော့တီက ဘောလုံးလောကမှာ လေးစားခံရမှုအများဆုံးနည်းပြတွေအနက် တစ်ဦးဖြစ်ပေမယ့် နိုင်ငံ့လက်ရွေးစင်အဆင့်အသင်းတွေကိုတော့ တစ်ကြိမ်တစ်ခါမျှ မကိုင်တွယ်ခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း အန်ဆယ်လော့တီနဲ့ ဘရာဇီးဘောလုံးတာဝန်ရှိသူတွေအကြား နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ကိစ္စအပေါ် နှုတ်အားဖြင့် သဘောတူညီမှုရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ဒီသတင်းတွေအပေါ် ငြင်းဆန်ခဲ့ပါတယ်။

ဘရာဇီးက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေအနက် တစ်သင်းအဖြစ် ပါဝင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ ခရိုအေးရှားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ ဒီနောက်မှာတော့ နည်းပြအဖြစ်တာဝန်ယူနေတဲ့ တီတီ ရာထူးမှနုတ်ထွက်သွားတာကြောင့် ဘရာဇီးအသင်းဟာ ဒီနေ့အချိန်အထိ နည်းပြလက်မဲ့အဖြစ် ရှိနေပါသေးတယ်။ အခုလိုနာမည်ကျော်ဘရာဇီးအသင်းနည်းပြဖြစ်လာမယ့်ကိစ္စအပေါ် အန်ဆယ်လော့တီကလည်း ရေရေရာရာထုတ်ပြောလာတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့လအတွင်း ဘရာဇီးနည်းပြသစ်အဖြစ် တာဝန်ယူဖို့ရှိ၊မရှိ မေးမြန်းလာမှုအပေါ် အန်ဆယ်လော့တီက “ကျွန်တော့်ရဲ့အခြေအနေက အရမ်းကို ရှင်းလင်းပါတယ်။ ကျွန်တော့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ခု ရှိနေပါတယ်”လို့ ပြောခဲ့တာပါ။

#လာလီဂါ #ဘရာဇီး #ရီးရဲလ်မက်ဒရစ် #အီဒါဆန် #အန်ဆယ်လော့တီ