ရှေ့သို့
Image

ယူနိုက်တက်အတွက် ၁၈ ပွဲဆက် ပွဲထွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူနေတဲ့ ဝက်ဂ်ဟော့စ်

9:10 AM, 23 March

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဝက်ဂ်ဟော့စ်ကတော့ နည်းပြအဲရစ်တန်ဟတ် လက်အောက်မှာ ၁၈ ပွဲ ဆက်တိုက် ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရတာဟာ အသင်းအတွက် အကောင်းဆုံး ကြိုးစားခဲ့တာကြောင့်ပါလို့ ပြောခဲ့ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ ဇန်နဝါရီမှာ ဘန်လေကနေ အငှားနဲ့ ရောက်ရှိလာခဲ့ပြီး နည်းပြတန်ဟတ်ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အသင်းကိုရောက်ပြီးကတည်းက သွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လက ကာရာဘောင်ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်အတွက် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အရပ် ၆ ပေ ၆ လက်မမြင့်တဲ့ တိုက်စစ်မှူးဟာ အသင်းမှာအစွမ်းကုန် ပေးဆပ်ကစားမှုကြောင့်လည်း နည်းပြတန်ဟတ်ဆီက ချီးကျူးမှုတွေကို ရလေ့ရှိပါတယ်။

The Sun သတင်းစာနဲ့ အင်တာဗျူးမှာတော့ နည်းပြတန်ဟတ်ဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို ယုံကြည်တာကြောင့် ခုလိုနေရာပေးတာဖြစ်နိုင်ကြောင်း ပြောသွားခဲ့ပါတယ်။ ဝက်ဂ်ဟော့စ်က “ပွဲအများကြီး ကစားခွင့်ရတာက ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိတာကို ပြသတာပါပဲ။ ဒီအသင်းကို ပြောင်းလာတာကလည်း ဒီလိုအခြေအနေမျိုး လိုချင်လို့ပါပဲ။ အသင်းအောင်မြင်ဖို့နဲ့ ဆုဖလားတွေရဖို့ အစွမ်းကုန် ကြိုးစားပေးဆပ်သွားမှာပါ။ အခုဖလားတစ်လုံးရပြီးပါပြီ။ နောက်ထပ်နှစ်လုံးဖြစ်တဲ့ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့ကလည်း ရနိုင်ခြေရှိနေပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ ထိပ်ဆုံးလေးသင်းထဲမှာ ရပ်တည်နေပါတယ်။ အဲ့ဒါကြောင့် ဒီပြိုင်ပွဲအားလုံးမှာ ကျွန်တော်ပါဝင်ခွင့်ရထားပါတယ်။ အဲ့အတွက်လည်း ကစားသမားဘဝမှာ အောင်မြင်မှုရပြီလို့တောင် ထင်မိပါတယ်။ အရမ်းလည်း ဝမ်းသာတယ် ဒါက ကောင်းတဲ့အရာတွေပါပဲ”လို့ ပြောခဲ့ပါတယ်။

နည်းပြတန်ဟတ်က ချီးကျူးပြီးပွဲတိုင်းထုတ်သုံးခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်မှာ ကြီးမားတဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဝက်ဂ်ဟော့စ်ကို နံပါတ် ၁၀ နေရာမှာရော၊ အထောင်တိုက်စစ်မှူးနေရာမှာရော ကစားခိုင်းခဲ့တာနဲ့ ပတ်သက်လို့ သုံးသပ်သူတွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ယူနိုက်တက်မှာ အကောင်းဆုံး ကစားနေနိုင်တာကြောင့်လည်း လာမယ့်ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ ကစားရမယ့် နယ်သာလန်အသင်းအတွက် ပွဲထွက်ကစားသမားနေရာကိုလည်း ရယူနိုင်ဖို့ နီးစပ်နေပါတယ်။

လက်ရှိနယ်သာလန်နည်းပြ ရာထူးကို ပြန်လည်ရယူထားတဲ့ နည်းပြရော်နယ်ကိုးမန်းက ဝက်ဂ်ဟော့စ်ဟာ အရန်ခုံမှာထက် ပွဲထွက်ကစားသမားနေရာမှာ ကစားနိုင်တဲ့ အရည်အချင်းမျိုးရှိမယ်လို့ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ကိုးမန်းက “ သူက လုံး၀ Plan B ကစားသမား မဟုတ်ပါဘူး။ ကျွန်တော်ရောက်စက လုခ်ဒီဂျောင်ကိုပဲ ဦးစားပေးရွေးချယ်ခဲ့တာပါ ဝက်ဂ်ဟော့စ် မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့တိုးတက်မှုက အထင်ကြီးစရာပါပဲ၊ မဖြစ်မနေရွေးရမယ့် အနေအထားမျိုးဖြစ်လာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တိုက်စစ်မှူးတစ်ဦးအနေနဲ့ပဲ မြင်ပါတယ်။ နံပါတ် ၁၀ ကစားသမား မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲပဲ အဖွင့်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ သောကြာနေ့မှာ ကစားရမှာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့မှာတော့ ဂီလ်ဘရယ်တာအသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တန်ဟတ် #ပရီးမီးယားလိဂ် #ဝက်ဂ်ဟော့စ်