ရှေ့သို့
Image

ဘယ်လ်ဂျီယံလက်ရွေးစင် ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်မယ့် ဒီဘရိုင်း

12:51 PM, 22 March

မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အသင်းခေါင်းဆောင်ဟာဇက် လက်ရွေးစင်အသင်းမှ အနားယူသွားခဲ့လို့ သူ့ရဲ့တာဝန်ကို ဒီဘရိုင်းက လက်လွှဲရယူခဲ့ရတာ ဖြစ်ပါတယ်။ အခုလို အုပ်စုအဆင့်မှထွက်ခွာခဲ့ရမှုအတွက် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းက နည်းပြမာတီနက်ဇ်နဲ့ လမ်းခွဲခဲ့ပြီး နည်းပြသစ်အဖြစ် ဒိုမီနီကိုတီဒက်စ်ကိုကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

ဒီဘရိုင်းက ဘယ်လ်ဂျီယံလက်ရွေးစင်အဖြစ် ၉၇ ပွဲပါဝင်ကစားပေးကာ ၂၅ ဂိုး သွင်းယူပေးထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်နဲ့ လက်ရှိအင်တာမီလန်မှာ အငှားထွက်ကစားနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူတို့ကိုလည်း လက်ထောက်အသင်းခေါင်းဆောင်တွေအဖြစ် တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံက ယူရို-၂၀၂၄ ခြေစစ်ပွဲ၊ အုပ်စု(F) မှာ ဆွီဒင်၊ သြစတြီးယား၊ အဇာဘိုင်ဇန်၊ အက်စ်တိုးနီးယားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး လာမယ့်သောကြာနေ့၊ စတော့ဟုမ်းမြို့မှာ ဆွီဒင်နဲ့ ပွဲဦးထွက်ရင်ဆိုင်ကစားရပါမယ်။ မတ် ၂၈ ရက်မှာတော့ တီဒက်စ်ကိုရဲ့အသင်းက ယူရို-၂၀၂၄ အိမ်ရှင်ဂျာမနီနဲ့ ခြေစမ်းပွဲကစားဖို့ ရှိပါတယ်။

#ဒီဘရိုင်း #ဘယ်လ်ဂျီယံ #ပရီးမီးယားလိဂ်