ရှေ့သို့
Image

ယူရို ၂၀၂၄အကြို ခြေစစ်ပွဲမတိုင်မီ အီတလီလက်ရွေးစင် လူစာရင်းကနေ နှုတ်ထွက်လိုက်တဲ့ ချီဆာ၊ ဒီမာကို

2:35 PM, 21 March

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်လည်စတင်လာတဲ့ နိုင်ငံတကာပွဲစဉ်များအဖြစ် ယူရို ၂၀၂၄ အကြို ခြေစစ်ပွဲစဉ်များကို ယခုသီတင်းပတ်အတွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ယူရို ၂၀၂၀ချန်ပီယံ အီတလီလက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်ကစားသမား ဖက်ဒရီကိုချီဆာ အပြင် စီးရီးအေပြိုင်ပွဲအတွင်းမှာ ခြေစွမ်းပြနေတဲ့ အင်တာမီလန်စတား ဒီမာကိုတို့က ဒဏ်ရာကြောင့် နှုတ်ထွက်လိုက်ကြတာပဲ ဖြစ်ပါတယ်။

စီးရီးအေပြိုင်ပွဲအတွင်း ပုံစံကောင်းရနေတဲ့ အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်စ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း ဂျူဗင်တပ်စ်ကစားသမား ဖက်ဒရစ်ကိုချီဆာနဲ့ အင်တာမီလန်စတား ဖက်ဒရီကိုဒီမာကိုတို့က ဒဏ်ရာ ရရှိခဲ့ကြပြီး ဒဏ်ရာမပြင်းထန်ကြပေမဲ့ ကလပ်အသင်းတွေဘက်က ကစားသမားတွေကို အနားယူစေရန် ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

အီတလီလက်ရွေးစင်အသင်းရဲ့နည်းပြချူပ် မန်စီနီက အင်တာစတား ဒီမာကိုရဲ့ နေရာအတွက် ပရီးမီးယားလိဂ်အခြေစိုက် ဝက်စ်ဟမ်းနောက်တန်း ကစားသမား အီမာဆန်ပယ်လ်မီရီကို အစားထိုးခေါ်ယူခဲ့ပေမဲ့ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားပေးခဲ့တဲ့ ချီဆာရဲ့နေရာအတွက် အစားထိုးကစားသမား ခေါ်ယူအားဖြည့်ထားခဲ့တာမျိုး မလုပ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ မန်စီနီက ယူရို ၂၀၂၄ အကြိုခြေစစ်ပွဲစဉ်အတွက် ဂိုးသမား ၄ဦးရွေးချယ်ထားခဲ့တဲ့ အထဲမှ လာဇီယိုဂိုးသမား အိုင်ဗန် ပရိုဗီဒယ်လ်က နှုတ်ထွက်ခဲ့တာကြောင့် ယခုနှစ်ရာသီမှာ လက်စွမ်းပြနေတဲ့ ခရီမိုနက်စ်အသင်းရဲ့ ဂိုးသမား မာကိုကာနီဆက်ချီကို အစားထိုး ခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

အီတလီအသင်းက ယူရို ချန်ပီယံဆုကို ကာကွယ်နိုင်ရန်အတွက် အားထုတ်လျှက်ရှိပြီး မယ်လ်တာကို ခရီးမထွက်ခင် ယူရို ၂၀၂၀ ဗိုလ်လုပွဲစဉ်တွင် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကို ရှေ့လာမယ့် ကြာသပတေးနေ့တွင် နေပယ်လ်မြို့၌ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

#အီတလီ #ချီဆာ #ဒီမာကို