ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်ကို တကျော့ပြန်တာဝန်ယူမယ့် ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန်

1:58 PM, 21 March

ဘောလုံးလောကမှတရားဝင်အနားယူထားတဲ့ ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန်က ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်ကို တကျော့ပြန်တာဝန်ယူပေးဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် အင်္ဂလန်ဘောလုံးရပ်ဝန်းဆီ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။

ခရစ္စတယ်ပဲလေ့စ်တာဝန်ရှိသူတွေက ရွိင်းဟော့ဆန်နဲ့ ပထမအကြိမ်လမ်းခွဲပြီးနောက် အာဆင်နယ်ဂန္တဝင်ကစားသမား ပက်ထရစ်ဗီအဲရာကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် နှစ်နှစ်မပြည့်ခင်မှာပဲ အသက်-၇၅ နှစ် အရွယ် နည်းပြကြီးကို ဆဲဟတ်ပတ်ခ်မှာ နောက်တစ်ကြိမ်ပြန်လည် တာဝန်ယူပေးဖို့ ကြိုးပမ်းခဲ့တာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဝက်ဖို့ဒ်ကို ကာလတိုတာဝန်ယူကိုင်တွယ်ပြီးနောက် ဘောလုံးလောကဆီ ပြန်မလာတော့ဘူးလို့ တရားဝင်ကြေညာထားတဲ့ ဝါရင့်နည်းပြကြီးက စိတ်ကူးပြောင်းလဲခဲ့ပြီး လန်ဒန်ကလပ်ကို အခုဘောလုံးရာသီကုန်အထိ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အသက်-၄၆ နှစ်အရွယ် နည်းပြဗီအဲရာရဲ့အသင်းဟာ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ တန်းဆင်းဇုန်နဲ့ ရမှတ်သုံးမှတ်သာ ကွာဟတော့ချိန် အသင်းတာဝန်ရှိသူတွေက နည်းပြဗီအဲရာနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ ပရီးမီးယားလိဂ် ဦးဆောင်သူအာဆင်နယ်ကို ၄-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ ပွဲစဉ်ကိုတော့ ပဲလေ့စ်ယူ-၂၁ နည်းပြ ပက်ဒီမက္ကာသီက အသင်းကိုတာဝန်ယူခဲ့ပြီး သူဟာ နည်းပြသစ်ရွိင်းဟော့ဆန်ရဲ့နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

လီဗာပူး၊ ဝက်စ်ဘရွန်း နည်းပြဟောင်း ရွိင်းဟော့ဆန်က ပဲလေ့စ်ကို ကိုင်တွယ်ခဲ့တဲ့ လေးနှစ်အတွင်း အပြောင်းအရွှေ့အသုံးစရိတ် နည်းပါးခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သလို ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကိုလည်း ထက်မြက်အောင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ လာမယ့်ဧပြီ ၁ ရက်၊ အိမ်ကွင်းမှာ လက်စတာနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကတော့ ရွိုင်းဟော့ဆန်ရဲ့ အခုတစ်ခေါက်ပဲလေ့စ်နည်းပြဘ၀ ပွဲဦးထွက်ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ ဒီပွဲစဉ်ပြီးရင်တော့ လိဒ်စ်၊ ဆောက်သမ်တန်တို့နဲ့ အဝေးကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။

#ခရစ္စတယ်ပဲလေ့စ် #ရွိုင်းဟော့ဆန် #ပရီးမီးယားလိဂ်