ရှေ့သို့
Image

အဲဗာတန်အသင်းရဲ့ ထုတ်ပယ်ခြင်းကိုခံရပြီး ၂ လအကြာမှာ နည်းပြလောကသို့ ပြန်လာဖို့ စီစဉ်နေပြီဖြစ်တဲ့ လမ်းပတ်

12:45 PM, 20 March

ဝက်စ်ဟမ်းနှင့် ချဲလ်ဆီးအသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းဟာ နည်းပြဘဝမှာတော့ လွယ်ကူတဲ့ အနေအထားမှာ မရှိနေတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့သူဟာ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဇန်နဝါရီလတွင် အဲဗာတန်နည်းပြ ရာထူးကို ရယူခဲ့ကာ အသင်းကလည်း တန်းဆင်းဇုန်မှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါအသင်းများကို ကိုင်တွယ်ခဲ့ပြီးနောက်မှာတော့ အသက် ၄၄ နှစ်အရွယ် လမ်းပတ်ဟာ နည်းပြအဖြစ် ဆက်လက်လုပ်ကိုင်ဖို့ရှိနေတာဖြစ်ပြီး လက်စတာ၊ ဆောက်သမ်တန်၊ ဖူလ်ဟမ် ဒါမှမဟုတ် ပဲလေ့စ်အသင်းတို့ရဲ့ နည်းပြရာထူးကို ရယူသွားနိုင်ပါတယ်လို့ The Sun က‌ဖော်ပြထားပါတယ်။ သောကြာနေ့မှာ ဗီအဲရာကို ထုတ်ပယ်ခဲ့တဲ့ ပဲလေ့စ်ဟာ နည်းပြသစ်ကိုရှာဖွေနေပြီး အဆိုပါရာထူးကို ရယူဖို့အနေအထားမှာ ရှိနေတဲ့သူတွေထဲမှာ လမ်းပတ်လည်း ပါဝင်နေပါတယ်။

အမှတ်ပေးဇယားအောက်ခြေမှာရှိနေတဲ့ ဆောက်သမ်တန်ဟာ မေလမှာ တန်းဆင်းခဲ့ရပါက လက်ရှိနည်းပြတွေက ဆက်ရှိနေနိုင်ပါတယ်။ လက်စတာမှာလည်း ဘရန်ဒန်ရော်ဂျာက ဖိအားတွေအောက်မှာရှိနေပြီး လက်ရှိရာသီကုန်မှာ အသင်းပိုင်ရှင်တွေက သူ့ကို သဘောကျမတော့ဘူးဆိုရင် ထုတ်ပယ်ခံရမှုကိုတော့ ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။

ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက တော့တင်ဟမ်နည်းပြဖြစ်လာဖို့ ချိတ်ဆက်မှုတွေရှိနေပြီး အထူးသဖြင့် အီတလီနိုင်ငံသားနည်းပြရဲ့ ကစားသမားတွေနဲ့ အသင်းရှိ အကြီးတန်းအရာရှိတွေအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး‌နောက် ကွန်တီရဲ့ထွက်ခွာမှုက မေးခွန်းထုတ်စရာဖြစ်နိုင်ပါတယ်။ မာဆေးဆိုဒ်ကလပ်မှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ပြီး အဲဗာတန်ကနေ ထွက်ခွာခဲ့ရပြီးနောက် ချဲလ်ဆီးနှင့် အင်္ဂလန်အသင်းဖော်ဟောင်း လမ်းပတ်ကို ဒီတစ်ပတ်အစောပိုင်းတုန်းက အက်ရှ်လေကိုးလ်က ကာကွယ်ပြောဆိုထားပါတယ်။ အသက် ၄၂ နှစ်အရွယ် ကိုးလ်ဟာ အဲဗာတန်မှာ လမ်းပတ်ရဲ့လက်ထောက်နည်းပြ လုပ်ခဲ့သူဖြစ်ပြီး ဇန်နဝါရီလမှာ အသင်းကနေ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

လက်ရှိ အင်္ဂလန်ယူ ၂၁ အသင်းမှာ လက်ထောက်နည်းပြအဖြစ်လုပ်ကိုင်နေတဲ့ ကိုးလ်က "လမ်းပတ်မှာ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ လက်ထောက်နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်တို့ သတိမပြုမိတဲ့ အခက်အဲတွေမှာ ရှိပါတယ်" 'ဒါဟာ ကလပ်အတွက် အကူးအပြောင်းကာလဖြစ်နိုင်သလို ဒါကြောင့်ပဲ အမြဲတမ်း ခက်ခဲနေမှာပါ။ ကလပ်ကောင်းတစ်ခုဖြစ်တာကြောင့် အသင်းအတွက် ပိုကောင်းအောင် လုပ်ချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့တွေ အချိန်မှားနေပြီလား" လို့ ပြောပါတယ်။

ရှောင်ဒိုက်ရဲ့စီမံခန့်ခွဲမှုအသစ်အောက်မှာ အဲဗာတန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်တက်လာခဲ့ပြီး လက်ရှိအချိန်မှာ အဆင့် ၁၅ တွင် ရပ်တည်နေပြီဖြစ်ပါတယ်။ လမ်းပတ်ဟာ စကော့ပါကာ၊ စတီဗင်ဂျရတ်တို့နှင့်အတူ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ နည်းပြဖြစ်လာဖို့ရှိနေပါတယ်လို့ Sportsmailက ‌ဖော်ပြထားခဲ့ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #လမ်းပတ် #ပရီးမီးယားလိဂ်