ရှေ့သို့
Image

ဒေါသမထိန်းနိုင်တဲ့ မီထရိုဗစ်၊ ဟာလန်းရဲ့ နှစ်ပွဲဆက် ဟက်ထရစ်တို့အပါအဝင် ယခုတစ်ပတ်လိဂ်ပွဲစဉ်တွေရဲ့ အမှတ်ရစရာအခိုက်အတန့်များ

10:11 AM, 20 March

ဒီတစ်ပတ်ဥရောပလိဂ်ပွဲစဉ်တွေကတော့ ပြီးဆုံးသွားပြန်ပြီးဖြစ်ပြီး ဒရာမာတွေ အများကြီးလည်း ပါဝင်နေခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းက တစ်ချိန်လုံး ယူနိုက်တက်ကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် တစ်ခဏအဖြစ်အပျက်လေးတစ်ခုကြောင့် ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရကာ အက်ဖ်အေဖလားပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဆန်ချိုရဲ့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ကန်သွင်းချက်ကို ဖူလ်ဟမ်တောင်ပံလူ ဝီလျံ ဖျက်ထုတ်ရာမှာ လက်နဲ့ ပုတ်သလို ဖြစ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပါတယ်။ ဒါကိုပဲ VARပြန်ကြည့်ချိန်မှာ ဝီလျံက last man defender ဖြစ်နေတဲ့အတွက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီလိုဆုံးဖြတ်ချက်အပေါ် ကွင်းလယ်ဒိုင်ကို တွန်းထိုးကာ စောဒကတက်ခဲ့တဲ့ မီထရိုဗစ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရသလို တတိယဒိုင်ကို ပြင်းထန်စွာ ဖိအားပေးခဲ့တဲ့ နည်းပြ မာကိုဆေးလ်ဗားပါ အထုတ်ခံခဲ့ရပါတယ်။ ၁၁ယောက် ၉ယောက်ကစားရချိန်မှာတော့ ယူနိုက်တက်တို့ အသာစီးပြန်ရခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနဲ့အတူ ဆီမီးဖိုင်နယ် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်က အလွန်ဆိုရဲ့ လေဗာကူဆင်ကို ဒုတိယပိုင်းရခဲ့တဲ့ ပင်နယ်တီနှစ်လုံးကြောင့် ရှုံးခဲ့ကာ ဒေါ့မွန်ကို ဇယားတက်ခွင့်ပြုလိုက်ရပါတယ်။ ဒါကြောင့် အရင်တုန်းက တစ်ကောင်တည်းပြေးတဲ့မြင်းဖြစ်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါမှာ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပြင်းထန်တဲ့ အားပြိုင်မှုကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ လီဂူးဝမ်းမှာလည်း ပီအက်စ်ဂျီက ရန်းနက်စ်ကို ဆိုးဆိုးရွားရွား ခြေစွမ်းတွေနဲ့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြ ဂယ်တီယာရဲ့ အမှားတွေလည်း အများအပြားပါဝင်နေပြီး ဘားနက်ဒ်ကို ခံစစ်မှူးအဖြစ်ထားကစားခဲ့တဲ့ ဆုံးဖြတ်ချက်က တော်တော်လေး ဆိုးရွားခဲ့ကာ ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးပွဲကြုံတွေ့စေခဲ့ရပါတယ်။

လာလီဂါမှာ ဒီတစ်ပတ် အယ်လ်ကလက်စီကိုပွဲစဉ်က ပရိသတ်တွေစောင့်ကြည့်ကြမယ့် ပွဲစဉ်တစ်ပွဲအဖြစ် ပါဝင်ခဲ့ပါတယ်။ အစကတည်းက အမှတ်တွေပြတ်နေတဲ့ ဘာကာကို ရီးရဲလ်အနေနဲ့ အမီလိုက်နိုင်ဖို့ နိုင်ပွဲလိုအပ်ခဲ့ပေမယ့် နူးကမ့်မှာ ရှုံးပွဲထပ်ကြုံကာ ၁၂မှတ်အထိ ကွာဟသွားစေတာကြောင့် ဘာစီလိုနာကိုသာ အခုကတည်းက ဖလားပေးလိုက်ပါတော့လို့ ပြောရမှာပါ။

ပရီးမီးယားလိဂ်ကို ပြန်ကြည့်ရင် တော့တင်ဟမ်ရဲ့ အခြေအနေက တော်တော်လေး ဆိုးနေတာကို တွေ့မြင်ရမှာဖြစ်ပြီး ကစားကွက်တွေ၊ စွမ်းဆောင်ရည်တွေထက် အသင်းတွင်းစည်းလုံးမှုပြိုကွဲနေတာကို ထင်ထင်ရှားရှား မြင်နေခဲ့ရပါတယ်။ တော့တင်ဟမ်အသင်းရဲ့ ဆိုးရွားတဲ့ သရေပွဲအပြီးမှာ နည်းပြ ကွန်တီက အသင်းနဲ့ ကစားသမားတွေကို ပေါ်ပေါ်ထင်ထင် ဝေဖန်ခဲ့တာကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် တော့တင်ဟမ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေကို ကွန်တီနဲ့ပဲ ဆက်စခန်းသွားမလား၊ ယခု နိုင်ငံတကာအားလပ်ရက်မှာတင် ထုတ်ပယ်လိုက်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

အက်ဖ်အေဖလားမှာ ကြည့်မယ်ဆိုရင်လည်း ဟာလန်းက ဟက်ထရစ်သွင်းပြန်ပါတယ်။ တပည့်ဟောင်း ကွန်ပနီနဲ့ ပြန်တွေ့ချိန်မှာလည်း ဂွါဒီယိုလာတစ်ယောက် ညှာတာမှုမရှိဘဲ ဘန်လေကို ၆ဂိုးပြတ်သွင်းပြခဲ့ပါတယ်။ ဟာလန်း ဂိုးသွင်းတာ မဆန်းတော့ပေမယ့် ဟက်ထရစ်တွေ ဆက်တိုက်သွင်းနေတာကတော့ တော်တော်လေး အံ့အားသင့်စရာကိစ္စပါ။ ဒီလို သွင်းဂိုးနှုန်းတွေက အရင်ဂန္တဝင်တိုက်စစ်မှူးဟောင်းတွေတောင် မလုပ်ပြနိုင်ခဲ့တဲ့ ကိစ္စကြီးပါ။

ဟာလန်းအတွက်တော့ ဂိုးသွင်းတယ်ဆိုတာ ငှက်ပျောသီးအခွံနွှာစားရသလောက်တောင် မခက်သလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ပတ်လိဂ်ပွဲစဉ်တွေကတော့ ပြီးဆုံးသွားခဲ့ပြန်ပါပြီ။ လာမယ့်ပွဲစဉ်တွေကတော့ နိုင်ငံပွဲစဉ်တွေဖြစ်တာကြောင့် ပရိသတ်တွေ ပျင်းနေရတော့မှာဖြစ်ပေမယ့် ဧပြီလကစတင်မယ့် တကယ့်ပွဲကောင်းတွေအတွက် အားမွေးဖို့အချိန်ရောက်လာတယ်လို့ပဲ ပြောရမှာပါ။ လိဂ်ပွဲစဉ်တွေ တစ်ဖြတ်နားအပြီး ရောက်လာမယ့် ပွဲကြီးပွဲကောင်းတွေကို တစ်ဝကြီးကြည့်ရှုဖို့ အားမွေးထားကြပါလို့ တိုက်တွန်းရင်း ဒီတစ်ပတ် ဒီကဏ္ဍလေးကို အဆုံးသတ်လိုက်ပါတယ်။

#အယ်ဒီတာအကြိုက် #ဟာလန်း #ဆောင်းပါးများ #မီထရိုဗစ်