ရှေ့သို့
Image

ဆောက်သမ်တန်နဲ့သရေကျပြီးနောက် တော့တင်ဟမ်ကစားသမားတွေရဲ့စိတ်နေစိတ်ထားအပေါ် ဝေဖန်လိုက်တဲ့ နည်းပြကွန်တီ

5:00 PM, 19 March

မနေ့ညပိုင်း၊ အမှတ်ပေးဇယားအောက်ဆုံးနေရာရှိ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဂိုးပြတ်ဦးဆောင်နေပြီးမှ သရေကျခဲ့တဲ့ပွဲပြီးရလဒ်နဲ့ပတ်သက်ပြီး တော့တင်ဟမ်ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းအပေါ် နည်းပြကွန်တီက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

တော့တင်ဟမ်က  အခုပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယားအဆင့်-၃ နေရာအထိ တက်လှမ်းနိုင်ခွင့်ရှိနေခဲ့ပေမယ့် သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အဆင့်-၄ နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

စိန့်မေရီကွင်းမှာရင်ဆိုင်ကစားရတဲ့ ပွဲစဉ်အပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကွန်တီက တော့တင်ဟမ်ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းအပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အီတာလျံနည်းပြက " အခုလိုရာသီပိတ်ပွဲစဉ်တွေမှာ ကျွန်တော်မြင်တွေ့နေရတဲ့ အရာအပေါ် ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒါမျိုးမြင်ရဖို့ အသားမကျပါဘူး။ တကိုယ်ကောင်းဆန်တဲ့ကစားသမားတွေ အများကြီး မြင်တွေ့ခဲ့ရတယ်။ အသင်းတစ်ခုအဖြစ် ကျွန်တော် မမြင်ခဲ့ရပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်ပွဲမှာလည်း ကွန်တီက "အခုအချိန်မှာ လက်ကျန် ၁၀ ပွဲ ကစားရဖို့ ရှိပါတယ်။ တချို့တွေကတော့ အခုလိုစိတ်ဓါတ်ပိုင်း၊ အခုလိုစွမ်းဆောင်ရည်ပိုင်းတွေနဲ့ တိုက်ပွဲဝင်နိုင်မယ်လို့ ထင်နေတယ်။ ဘာလဲ၊ အဆင့် ၇၊၈ နေရာတွေအတွက်လား? ဒီအတွက်တိုက်ပွဲဝင်ရတာမျိုးနဲ့ ကျွန်တော် နေသားတကျမရှိပါဘူး။ ဒါက လူတိုင်းရဲ့တာဝန်ဖြစ်သွားပါပြီ"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကွန်တီက ကလပ်အသင်းမှာ ပုဂ္ဂိုလ်ရေးအရနာကျည်းစေမယ့် စကားတစ်ခွန်းကို  ဆက်ပြောလာခဲ့ပါတယ်။

"သူတို့ ဒီမှာ နေသားကျနေပါပြီ။ သူတို့ အရေးပါတဲ့အောင်မြင်မှုတစ်ခုအတွက် မကစားတက်ကြပါဘူး။ သူတို့က ဖိအားတွေအောက် မကစားချင်ကြသလို ဖိစီးမှုတွေအောက်မှာလည်း မကစားချင်ကြဘူး။ ဒီလမ်းလိုက်ရတာ လွယ်ကူတယ်လေ။ နှစ် ၂၀ ကြာ တော့တင်ဟမ်ရဲ့ဇာတ်လမ်းက ဒီအတိုင်းဖြစ်ခဲ့တယ်။ အသင်းပိုင်ရှင်ကိုယ်တိုင် ရှိနေပေမယ့်  သူတို့ ဆုဖလားတစ်လုံးတောင် မဆွတ်ခူးနိုင်ဘူး၊ ဘာကြောင့်လဲ?"လို့ ကွန်တီက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အခုရာသီကုန်မှာ တော့တင်ဟမ်နဲ့ နည်းပြကွန်တီတို့အကြား စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး လာမယ့်နွေရာသီမှာ မြောက်လန်ဒန်ကလပ်နဲ့  အီတာလျံနည်းပြတို့အကြား လမ်းခွဲမယ့်အခြေအနေက တဖြည်းဖြည်းနဲ့ နီးစပ်လာပါတယ်။ အသင်းပရိသတ်အချို့ကလည်း ကွန်တီလက်အောက် တော့တင်ဟမ်ရဲ့ကစားပုံကို စိတ်ပျက်နေကြသလို အတည်မပြုနိုင်သောသတင်းတွေအရ လက်ရှိကစားသမားတွေအနေနဲ့ နည်းပြဟောင်းပိုချက်တီနိုကို အသင်းဆီပြန်ခေါ်ယူဖို့ လိုလားနေကြောင်း သိရပါတယ်။

တော့တင်ဟမ်က အခုနိုင်ငံတကာသီတင်းပတ်အပြီး ဧပြီ ၃ ရက်၊ဂူဒီဆင်ပတ်ခ်မှာ အဲဗာတန်နဲ့ ရင်ဆိုင်ကစားရပါမယ်။




#တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ်