ရှေ့သို့
Image

စီးရီးအေရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်ဖြစ်လာတဲ့ အေဘရာဟီမိုဗစ်

1:49 PM, 19 March

အေစီမီလန်တိုက်စစ်မှူးကြီး ဇလာတန်အေဘရာဟီမိုဗစ်ကတော့ အူဒီးနီးစ်ကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ စနေညပွဲစဉ်မှာ သွင်းဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စီးရီးအေသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းရှင်အဖြစ် ရပ်တည်သွားခဲ့ပါတယ်။ 

ဆွီဒင်သားတိုက်စစ်မှူးကြီးစာ အသက် ၄၁ နှစ်နဲ့ ၁၆၆ ရက်ရှိပြီဖြစ်လို့ ယခင်စံချိန်ရှင် အလက်ဆန်ဒရိုကော်စတာကူတာထက် ၁၄၁ ရက် အသက်ပိုကြီးခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ သူ့ရဲ့စံချိန်သစ်ကိုမလိုချင်ဘူးလို့ ပြောခဲ့ပါတယ်။ ပွဲပြီး အင်တာဗျူးမှာတော့ မိုဗစ်က “ ဒီချိန်ကို သူ(ကော်စတာကူတာ) ဆက်ထိန်းထားလို့ရပါတယ်။ ကျွန်တော်မလိုချင်ပါဘူး ” လို့ ဟာသလုပ်ပြီး ပြောခဲ့ပါတယ်။ 

မိုဗစ်ဟာ ဒီဂိုးကိုပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နှစ်ကြိမ်ကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဂိုးဟာ မိုဗစ်အတွက်တော့ ကာလရှည်ဒဏ်ရာကနေ ပြန်လာပြီးနောက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။ ဆွီဒင်သားကြီးဟာ သူ့ရဲ့အသက် ဆယ်စုနှစ် ၄ ခုအတွင်းမှာ မတူညီတဲ့ အသင်းတွေဖြစ်တဲ့ မယ်လ်မို၊ အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ၊ အယ်လ်အေဂလက်စီနဲ့ အေစီမီလန်တို့အတွက် ဂိုးတွေ အများအပြား သွင်းယူခဲ့ပါတယ်။ 

ကလပ်အသင်း သွင်းဂိုး ၅၀၀ ကျော်အပါအဝင် ကစားသမားဘ၀ သွင်းဂို ၅၇၀ ကျော်သွင်းယူခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီးဟာ သူဟာ ကွင်းထဲက ၁၁ နေရာစလုံးမှာ ကစားနိုင်ပြီး၊ ဘောလုံးသမားကောင်းဆိုတာ နေရာစုံမှာ ကစားနိုင်ရတယ်လို့လည်း ပြောခဲ့ပါတယ်။ မီလန်ကလပ်မှာ တတိယအကြိမ် မြောက်ကစားရာမှာတော့ မိုဗစ်တစ်ယောက် ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နွေရာသီတုန်းကလည်း အရွတ်ခွဲစိတ်မှုခံယူခဲ့ရပြီး ဖေဖော်ဝါရီလကမှ ပြန်ကစားနိုင်ခဲ့တာပါ။

#စီးရီးအေ #အေစီမီလန် #အူဒီးနီးစ် #အီဘရာဟီမိုဗစ်