ရှေ့သို့
Image

အာဂျင်တီးနားစတား အဲလ်ဗာရက်ဇ်ကို ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ မန်စီးတီး

10:36 AM, 18 March

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင် ၃နှစ်ဆက် ချန်ပီယံဖြစ်ရေးအတွက် အမှတ်ပေးဇယားထိပ်မှ အာဆင်နယ်အသင်းကို ဆက်တိုက် ဖိအားပေးထားနိုင်တဲ့ မန်စီးတီးအသင်းက ယခုနှစ်ရာသီမှာ ထိပ်တန်း ခြေစွမ်းပိုင်းတွေ ပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ တောက်လျှောက်ပြုလုပ်လာနိုင်တဲ့ အာဂျင်တီးကြယ်ပွင့် ဂျူလီယန်အဲလ်ဗာရက်ဇ်ကို ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်က မန်စီးတီးအသင်းအတွက် အဓိကတိုက်စစ်ကစားသမား ဟာလန်းရှိနေတာကြောင့် ဒုတိယဦးစားပေး တိုက်စစ်ကစားသမားဖြစ်ပေမဲ့ မန်စီးတီးအသင်းနဲ့ အတူ ပွဲဦးထွက်ရာသီ ၃၃ပွဲကစားအပြီးမှာ သွင်းဂိုး ၁၁ဂိုး သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာလည်း အဲလ်ဗာရက်ဇ် အနေဖြင့် ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့  အကြိုဗိုလ်လုပွဲစဉ်တွင် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ၂ဂိုးအပါအဝင် စုစုပေါင်း သွင်းဂိုး ၄ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်နိုင်ရန် အဓိကနေရာကနေ ကူညီပံ့ပိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်အနေဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်းကို ပြီးခဲ့တဲ့ ၁နှစ်ကျော်ခန့်မှာ စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ယခုထပ်မံချုပ်ဆိုလိုက်တဲ့စာချူပ်သစ်မှာ လုပ်ခနှုန်းထားပမာဏပါ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုလိုက်နိုင်တာနဲ့ ပက်သက်လို့ ဂျူလီယန်အဲလ်ဗာရက်ဇ်က
"မန်စီးတီးလို အသင်းမျိုးက ယုံယုံကြည်ကြည်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုလိုက်တဲ့အပေါ် မိသားစု ရောကျွန်တော့အတွက်ပါ ဂုဏ်ယူရစေပါတယ်" "ကျွန်တော်ရဲ့ ပွဲဦးထွက်ရာသီ စွမ်းဆောင်ရည်အပေါ် ပျော်ရွှင်ရပြီး ဒီထက်တောင်ပိုမို လုပ်ပြနိုင်ပါသေးတယ်။ ကျွန်တော်က ဒီထက်ပိုကောင်းလာမယ်ဆိုတာ ယုံကြည်မှုရှိသလို မန်စီးတီးအသင်းဘက်က တောင်းဆိုလာတဲ့ အရာတိုင်းအတွက် ဖြည့်ဆည်းပေးပို့အသင့်ပါ" လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #အာဂျင်တီးနား #အဲလ်ဗာရက်ဇ် #ပရီးမီးယားလိဂ်